နိုင်ငံရေးသတင်း

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအမံကို ရိုဟင်ဂျာအချို့ လာရောက်ကြည့်ရှု

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခံထားရမှုအတွက် ကန့်ကွက်လွှာ တင်သွင်းရတော့မည့်ရက် နီးကပ်လာချိန်တွင် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာတချို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဖိတ်ခေါ်ပြသသည်။

ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူအချို့နှင့် ရိုဟင်ဂျာ ၂၀ ခန့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

ထိုအဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများဖြစ်သော လှဖိုးခေါင်၊ ငါးခူရ၊ တောင်ပြိုလက်ဝဲနေရာများသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး အမှန်တကယ် ဒုက္ခသည်များကို ကိုယ်စားပြုသူများ မပါဝင်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသား ကိုအောင်မြိုင်က ပြောသည်။

“မြန်မာဘက်က လက်ခံဖို့ ရှေ့ပြေးစီမံချက်နဲ့ အတည်ပြုထားခဲ့တဲ့ လူတချို့ရှိတယ်။ အဲဒီထဲကပဲ လူ ၂၀ ကို ခေါ်ပြီးတော့ အကဲဖြတ်ဖို့၊ လေ့လာဖို့၊ သွားကြည့်ဖို့ လုပ်နေတာ။ အမှန်တကယ် ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့သူတွေကို လေ့လာဖို့ ခေါ်တာ မပါဘူး” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် စစ်ကောင်စီက ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထားကာ ကန့်ကွက်လွှာတင်သွင်းရမည်ဖြစ်သည်။ နောက်နှစ် ဖေဖော်ဝါရီမှသာ ကန့်ကွက်လွှာ တင်သွင်းလိုကြောင်း စစ်ကောင်စီက လျှောက်ထားခဲ့သော်လည်း ပယ်ချခံရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ချေပရေးအတွက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကိုလည်း ယခုနှစ်ဆန်းပိုင်းတွင် ခေါ်ယူစည်းရုံးခဲ့သည်။

ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးအတွက် မတ်လအတွင်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ကာ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို ခေါ်ယူပြီး ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများ ဟုတ်မဟုတ် စစ်ဆေးခဲ့သည်။

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအစဉ်ကို အယုံအကြည်မရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများက ထုတ်ဖော်ပြောဆိုထားသည်။

ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ရိုဟင်ဂျာ ၁၅၀၀ ခန့်ကို စတင်လက်ခံမည်ဖြစ်ကာ ၎င်းတို့ ပြန်ဝင်လာပါက နောက်ထပ် လူ ၅၀၀၀ ကျော်ကို ဆက်လက်လက်ခံရန် ပြင်ဆင်ထားသည်ဟု စစ်ကောင်စီတာဝန်ရှိသူက မတ်လအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

ပြန်ဝင်လာသူများကို စိစစ်လက်ခံပြီးနောက် လှဖိုးခေါင်ကြားစခန်း၌ နှစ်လခန့် ထားမည်ဖြစ်ကြောင်း၊ ထို့နောက် မောင်တောမြောက်ပိုင်းရှိ ကျေးရွာ ၁၅ ရွာတွင် နေရာချထားပေးမည်ဟု စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက ပြောသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။ 

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးက မွေးဖွားကြောင်း ထောက်ခံချက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ နေခဲ့ဖူးတဲ့မိဘတွေက မွေးတယ်ဆိုရင် ကျွန်တော်တို့ လက်ခံမှာပါ”

ကနဦးလက်ခံမည့် စခန်းများသည် အရပ်သားအစိုးရ (NLD) လက်ထက် ၂၀၁၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ယာယီစခန်းများဖြစ်ပြီး လက်ရှိအနေအထားကို အသေးစိတ် မသိရပေ။ 

ယခုအစီအစဉ်မှာ ICJ ရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းအပေါ် တုံ့ပြန်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အကြံပေး ဦးအောင်ကျော်မိုးက Myanmar Now ကို ယနေ့ ပြောသည်။

“ICJ ရက်နီးတာနဲ့အမျှ ဖိအားလျော့အောင်၊ လာမည့်ကြားနာပွဲမှာ တင်ပြစရာ တစ်ခုခုရှိအောင် နိုင်ငံရေးအကျိုးအမြတ်အတွက် စကစက လုပ်နေတာဖြစ်ပါတယ်”

စစ်ကောင်စီသည် မတ်လအတွင်းကလည်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ အပါအဝင် နိုင်ငံတကာသံတမန်များကို မောင်တောဒေသရှိ ပြန်လည်လက်ခံရေးစခန်းများသို့ ဖိတ်ခေါ်ပြသခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကလည်း ရိုဟင်ဂျာပြန်လည်လက်ခံရေး ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးသည်။ သို့သော် ရိုဟင်ဂျာတစ်ဦးတစ်ယောက်မျှ ပြန်ဝင်လာခြင်းမရှိခဲ့ပေ။​

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး နှစ်ကြိမ်ကြားနာပြီးနောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း ICJ က ကြားဖြတ်အမိန့် ချမှတ်ထားသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင် ဦးဆောင်၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း သွားရောက်ဖြေရှင်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button