သတင်း

“ငါတို့အိမ် ငါတို့ဂုဏ်သိက္ခာ”

ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

စစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေး၍ ကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ရိုဟင်ဂျာများက လူမျိုးသုဉ်းသတ်ဖြတ်မှု ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ (ဩဂုတ် ၂၅) ရက်တွင် စုဝေးကျင်းပသည်။

“ငါတို့အိမ် ငါတို့ဂုဏ်သိက္ခာ” ဟု အမည်ရသည့် ထိုလှုပ်ရှားမှုတွင် ရိုဟင်ဂျာများက မူလက နေထိုင်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် လုံခြုံစွာ ပြန်လည်နေထိုင်ခွင့်ရရန်၊ ပိုင်ဆိုင်မှုများ ပြန်ရရန်၊ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် စသဖြင့် တောင်းဆိုကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်ခဲ့သည့် ရိုဟင်ဂျာတို့အပေါ် စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ရိုဟင်ဂျာရွာများကို မီးတင်ရှို့မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲခံထားရသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမှုရင်ဆိုင်ခဲ့သည်။ အစိုးရကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ထိုအမှုကို ဆက်လက် ဖြေရှင်းနေရသည်။

လူဦးရေ သန်းနှင့်ချီ၍ နေထိုင်နေကြသည့် ကော့ဘဇား ဒုက္ခသည်စခန်းများတွင် မီးဘေး၊ သဘာဝဘေး မကြာခဏ သင့်လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် ရှိနေချိန်ကပင် နေရပ်မှ အခြားဒေသသို့ ခရီးသွားလာခွင့်မရှိသလို ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းနည်းပါးသည့် အခြေအနေကို ရိုဟင်ဂျာတို့ ယနေ့တိုင် ရင်ဆိုင်နေရဆဲဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်ရှင်နေထိုင်မှုအတွက် ထိုင်း၊ မလေးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ စွန့်စား၍ လှေများဖြင့် သွားရောက်ရန် ကြိုးစားကြရာ ပင်လယ်ခရီးတွင် အသက်ဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှုများနှင့် မကြာခဏရင်ဆိုင်နေရသည်။

မြန်မာပြည်တွင်း ကုန်းလမ်း၊ ရေလမ်းဖြင့် တရားမဝင်ဖြတ်သန်းကာ ထိုင်းဘက်သို့ သွားရန် ကြိုးပမ်းသည့် ရိုဟင်ဂျာများထဲမှ အများအပြားလည်း ဟန့်တားဖမ်းဆီးခံရမှုနှင့် ကြုံတွေ့ရတတ်သည်။

ရခိုင်ပြည်နယ်အတွင်း ကျန်ရှိခဲ့သည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများသည်လည်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေရကာ လူမှုစီးပွားဒုက္ခမျိုးစုံ ကြုံတွေ့နေရဆဲဖြစ်သည်။ စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို ပြန်ခေါ်မည်ဟု ဆိုထားသော်လည်း ကာယကံရှင်များက အယုံအကြည်မရှိကြောင်း ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Volker Türk ကလည်း မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သော သိန်းနှင့်ချီသော ရိုဟင်ဂျာများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိရန် ထပ်လောင်းတောင်းဆိုသည်ဟု ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး အပြည့်အဝရရန် ၎င်းတို့၏ နေအိမ်များသို့ လုံခြုံဂုဏ်သိက္ခာရှိပြီး လွတ်လပ်စွာ နေရပ်ပြန်နိုင်ရေးရန်လည်း Volker Türk က တိုက်တွန်းသည်။

သို့သော် “ ရခိုင်ပြည်နယ်ရဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် လောလောဆယ် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ခွဲခြားဆက်ဆံတာကို စစ်တပ်က ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒမရှိဘူး” ဟုလည်း Volker Türk က ဆိုသည်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့သည့် အတိတ်နှင့် လက်ရှိရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်သည် လွတ်ငြိမ်းချမ်းသာခွင့်ရနေသည်ဟုလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကလည်း “(ရိုဟင်ဂျာများ) သေလောက်အောင် လျစ်လျူရှုခံထားရသည်” ဟုဆိုကာ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် ကျူးလွန်သူများ တာဝန်ခံရန် ကမ္ဘာ့ခေါင်းဆောင်များထံ တိုက်တွန်းထားသည်။

“ရိုဟင်ဂျာတွေရဲ့ ကြီးမားလှတဲ့ ဒုက္ခတွေအတွက် တာဝန်က ထိပ်ဆုံးက စပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ တရားမ၀င် စစ်အစိုးရခေါင်းဆောင် ဖြစ်လာပါတယ်၊ သူ့အနေနဲ့ တရားမျှမှု ဖော်ဆောင်ပေးရမယ် သူလုပ်တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ဖြေရှင်းရမယ်” ဟုလည်း Tom Andrews က ပြောသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း စစ်တပ်၏ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွင် ရိုဟင်ဂျာ အမျိုးသားအမျိုးသမီး၊ ကလေးနှင့် မွေးကင်းကလေးငယ် ၁၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ရွာပေါင်း ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုလည်း ကုလသမဂ္ဂ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button