ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများက ၎င်းတို့ မူလနေရပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်မဖော်ရန် တောင်းဆိုလိုက်သည်။
ယမန်နေ့ (ဒီဇင်ဘာ ၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါတောင်းဆိုချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်နှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသတွင် စစ်ဘေးရှောင်နေရသည့် ဒုက္ခသည်များက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“မန်တုံမြို့နယ်က ကျွန်မတို့ နမ့်လောင်၊ နမ့်ဟိုင်ရွာနားမှာဆိုရင် တာဝါတိုင်ရယ် ဖုန်းတိုင်တွေရော လုပ်လာတယ်။ နောက်ပြီး တရုတ်ပြည်ကို ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေရော၊ သတ္တုတွင်းတွေရော လုပ်နေပြီး နောက်ထပ်အမြန်ရထား စီမံကိန်းတွေရော ဝင်လာမယ်လို့ ကြားသိရတယ်” ဟု ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူများ မြေယာကော်မတီအဖွဲ့ဝင် ဒေါ်နန်ဆိုင်းက ဆိုသည်။
ဒေါ်နန်ဆိုင်းမှာ ၂၀၁၆ ခုနှစ်ကတည်းက ရှမ်းပြည်နယ်၊ နမ္မတူ၊ KBC ဒုက္ခသည်စခန်း သို့ ရောက်နေခဲ့ခြင်း ဖြစ်ပြီး၊ တပ်မတော်အပါအဝင်၊ RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ) နှင့် TNLA (တအာန်း/ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် တောင်းဆိုချက်တွင် ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူများ၏ မြေယာများအား အတင်းအဓမ္မ သစ်တောကြိုးဝိုင်း တည်ထောင်ခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် အသုံးပြုလုပ်ပိုင်ခွင့် သတ်မှတ်ပေးခြင်းများ မပြုလုပ်ရန်ဟု ပါရှိသည်။
မြေယာကော်မတီဝင် တစ်ဦးဖြစ်သူ ဦးနောင်လတ် က “ကျွန်တော်တို့ရဲ့ မူရင်းရပ်ရွာ အိုးအိမ်မြေယာတွေကို လုံလုံခြုံခြုံ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ဟာ မတွေ့ရသေးဘူး။ ဒါတွေလုံခြုံမှုအတွက်စိတ်ချတယ် မရှိဘူးဆိုရင်တော့ စီမံကိန်းလျာထားချက်တွေရှိရင်လည်း ရပ်ဆိုင်းပေးဖို့၊ နောက်ပြီး ကျွန်တော်တို့ အတွက် မူဝါဒတစ်ခု ချမှတ်ပေးဖို့ပါ” ဟုဆိုသည်။
ယခုအချိန်တွင် စစ်ဘေးသင့် ပြည်သူများအတွက် မူလနေရပ်ဒေသရှိ မြေယာပိုင်ဆိုင်ကြောင်းကို မြေဂရန်များဖြင့် မပြနိုင်သည်မှာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
“၂၀၁၁ တုန်းကတည်းက စစ်ရှောင်လာကြတာ၊ အဲဒီတုန်းကတော့ ပုံစံ – ၇ (လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်) လုပ်ရမှာတို့က ကျွန်တော်တို့ တောင်ပေါ်ဒေသမှာတော့ မရှိဘူး၊ ဂရန် တွေဆိုတာက ၂၀၁၂ နောက်ပိုင်းမှ ပေါ်လာတယ်။ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာက လုပ်ရမယ်ဆိုတာကို မသိတာ” ဟု ဦးနောင်လတ်က ဆိုသည်။
၂၀၁၁ နှစ်မှ ယနေ့အချိန်ထိ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ၈ နှစ်တာကာလအတွင်း စစ်ဘေးရှောင်များ၏ အိမ်ခြံ၊ လယ်ယာမြေနှင့် ဘိုးဘွားပိုင်မြေများတွင် လက်နက်ကိုင်များ တပ်နေချထားခြင်း၊ မြေမြှုပ်မိုင်းအပြင် စစ်လက်နက်အကြွင်းအကျန်များမှာလည်း လူနေကျေးရွာများတွင် ရှိနေသလို တချို့မြေယာများကိုမူ စီးပွားရေးလုပ်ငန်းရှင်များက ပိုင်ဆိုင်သွားကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။