အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းဘတ် လေးသန်းကျော် လာဘ်ယူမှုဖြင့် အလုပ်သမားသံအရာရှိဟောင်းကို ရှေ့လတွင်စစ်ဆေးမည်

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်းအား ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းတရားလွှတ်တော်က စတင်စစ်ဆေးမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောခွင့်ရအရာရှိကဆိုသည်။

တရားလို အဂတိကော်မရှင်က အမှုဖွင့်ပြီးနောက် အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် နိုဝင်ဘာလ ပထမသီတင်းပတ်ကတည်းက ရန်ကုန်တွင် ဖမ်းဆီးခံထားရသည်။

သံအရာရှိနှင့်အတူ မြန်မာလုပ်သားများနှင့် အလုပ်သမားအေဂျင်စီများထံမှ လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲခံထားရသည့် အရပ်သား နှစ်ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် ရှိနေနိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဦးက ယခုလဆန်းအတွင်းက ပြောကြားထားဖူးသည်။

အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၀,၀၀၀ ကျော် (ကျပ် သိန်း ၂၉၀ နီးပါး) နှင့် ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်းဘတ်ငွေ ဒသမ သန်း (ကျပ် သိန်း ၂၀၀၀) နီးပါးကို လက်ခံရယူခဲ့ကြောင်း တိုင်စာရရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးက ဆိုသည်။

စစ်ဆေးမှုများအတွင်း သံအရာရှိသည် ၂၀၁၇ မှ ၂၀၁၉ အထိ ထိုင်းတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အလုပ်ခေါ်စာများကို ပြည်ပအလုပ် အကိုင်အေဂျင်စီကုမ္ပဏီများက တင်ပြရာတွင်ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးပေးရန် ကုမ္ပဏီများထံမှ လာဘ်ငွေများကို တောင်းခံခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ယင်းအပြင် သူသည် ပြည်ပအလုပ်အကိုင်အေဂျင်စီများက အလုပ်သမားအမည်စာရင်းတင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းကောက်ခံပြီး ကုမ္ပဏီများထံမှ လာဘ်ငွေကို ဒေသခံဝန်ထမ်းများမှတစ်ဆင့် လက်ခံရယူခဲ့သည့်အတွက် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button