သတင်း

ရခိုင်၌ ဖမ်းခံထားရသည့် ဝန်ထမ်းများ လွတ်မြောက်ရေးကူညီရန် ဒုဝန်ကြီးက လွှတ်တော်ကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံထားရသည့် ဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်အမတ် ဦးအောင်ကျော်ဇံက ကစ္စပနဒီ(ကုလားတန်)မြစ်ကူး တံတား ဆောက်လုပ်နိုင်ခြင်းမရှိသေးသည့်အပေါ် မေးမြန်းရာတွင် ဦးကျော်လင်းက ထိုသို့ထည့်သွင်း မေတ္တာရပ်ခံခြင်းဖြစ်သည်။

အထက်ပါရခိုင်အမတ်မေးမြန်းသည့် တံတားတည်ဆောက်နိုင်ရေးမှာ ချေးငွေနှင့် နည်းပညာအကူအညီပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများကို အဆိုပါနေရာသို့ ခေါ်ဆောင်လေ့လာစေရန် လုံခြုံရေးအရ မဖြစ်နိုင်သည့်အတွက် အခက်ကြုံနေရကြောင်း ဦးကျော်လင်းက ဆိုသည်။

ယင်းနောက် ရသေ့တောင်-ဘူးသီးတောင်လမ်းပေါ်၌ တံတားတစ်စင်းတည်ဆောက်နေစဉ် ဇန်နဝါရီလ ၁၇ ရက်တွင် ဖမ်းဆီးခံထားရသည့် ကျွမ်းကျင်ဝန်ထမ်း ဦးတင်မင်းထိုက်၊ စစ်တွေနှင့် ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ဖြင့် လိုက်ပါစီးနင်းစဉ် အောက်တိုဘာ ၂၆ ရက်၌ ဖမ်းဆီးခံရသည့် အင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းတို့ ယနေ့တိုင် ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသည်။

အဆိုပါ ဝန်ထမ်းများကို မည်သည့်အဖွဲ့ဖမ်းဆီးခဲ့သည် ဆိုသည်ကို ဒုဝန်ကြီးက နာမည်တပ်မပြောခဲ့ပေ။

သို့သော် ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် (AA)က ၎င်းတို့လက်ချက်ဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သည်။

ဖမ်းဆီးခံထားရသော အင်ဂျင်နီယာ ဦးကျော်ဇင်ထွန်းနှင့် ဦးတင်မင်းထိုက်တို့ကို ဖမ်းဆီးထားခြင်းရှိမရှိအပြင် လက်ရှိအခြေအနေကို AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခထံ Myanmar Nowက ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်း AA က ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားသည်။

နိုဝင်ဘာ ၃ ရက်၌ ပေါ်ပေါက်ခဲ့သည့် ယင်းဖြစ်စဉ်အပြီး ၁၁ ရက်အကြာတွင် ဦးဝှေ့တင်းအပြင် AA က ဖမ်းဆီးထားသည့် ဝန်ထမ်းများ၊ အရပ်သားများကို လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခဲ့သည်။

Show More

Related Articles

Back to top button