သတင်း

မန်းဘိလပ်မြေစက်ရုံပဋိပက္ခမှ ထိန်းသိမ်းခံလူငယ် နှိပ်စက်ခံရကြောင်း အွန်လိုင်းတင်သူကို အမှုဖွင့်

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ယာယီထိန်းသိမ်းခံထားရသော အောင်သပြေရွာမှ ကိုးတန်းကျောင်းသား မောင်တူးဝေယံ နှိပ်စက်ခံရသည်ဆိုကာ လူမှုကွန်ရက်တွင် ရေးသားခဲ့သော Kyaw Ni Facebook အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်လိုက်သည်။

မဟုတ်မမှန် လီဆယ်ရေးသား ဖြန့်ချိသည်ဟုဆိုကာ ယင်းအကောင့်ပိုင်ရှင်ကို မန္တလေးလူငယ်သင်တန်းကျောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ယမန်နေ့ (နို၀င်ဘာလ ၁၈)က အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း အမှတ်()ရဲစခန်းထံမှ သိရသည်။

“‌၆၆ (ဃ)နဲ့ မနေ့ မနက်ပိုင်းက ဖွင့်တာပါ၊ မဖမ်းဆီးရသေးပါဘူး။ အကြောင်းမကြားရသေးပါဘူး။ သက်သေတွေ စစ်နေပါတယ် ဟု အမှတ်()ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် အောင်သပြေကျေးရွာပဋိပက္ခတွင် ပါ၀င်သည်ဆိုကာ ပုဒ်မလေးခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အသက် ၁၄ နှစ်အရွယ် မောင်တူးဝေယံသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် လူငယ်သင်တန်းကျောင်းတွင် ယာယီထိန်းသိမ်းခံထားရသည်။

အဆိုပါကိစ္စအား မန္တလေးလူငယ်သင်တန်းကျောင်းသို့ MyanmarNow မှ သွားရောက်မေးမြန်းရာ အမှုဖွင့်သည်မှာ မှန်ကန်ပြီး အဆိုပါ Kyaw Ni အကောင့်ပိုင်ရှင်၏ စွပ်စွဲရေးသားချက်များသည် မဟုတ်မှန်၍ ဖွင့်ရကြောင်း ပြောဆိုသည်။

ကျွန်တော်က ပိုစ့်ဖျက်ပေးဖို့ တောင်းပန်ပါတယ်၊ဒီကျောင်းကို လာလေ့လာဖို့လည်း ခေါ်ပါတယ်။ အချိန် စောင့်စားပေးခဲ့ပါတယ်။ ၂လကျော်ပြီ၊ ခုထိမဖျက်ပေးလို့ ဖွင့်ရတာပါ ဟု အဆိုပါ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးနေအောင်ကျော်က ပြောသည်။

မောင်တူးဝေယံကလည်း သူပြောမိသည်ဟု ဝန်ခံပြီး တောင်းပန်ခဲ့ကြောင်း၊ ယင်းကြောင့် ပို့စ်ဖျက်ပေးရန် ပြောဆိုရခြင်းဖြစ်ကြောင်း လူ အယောက် ၂၀ လောက် ဝိုင်းထိုးခံရပါက နောက်နေ့တွင် ရုံးချိန်းလာရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကလေးက သနားဖို့ကောင်းတယ်။ ကျန်းမာရေးလည်းမကောင်းဘူး။ ရောဂါအခံရှိတယ်။ ဒါကို နားနားနေနေ ရွာပြန်ချင်ရင် ပြန်ဖို့ အာမခံလျှောက်ဖို့ ပြောတယ်။ သူက အာမခံမယူတာ။ တကယ်တော့ သူက အဖြူထည်လေးပါ ဟု ၎င်းက ဆက်ပြောသည်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ရဲကြေးနန်းတွင် စက်တင်ဘာလ၂၇ ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် စောင့်ဆိုင်းနေစဉ် Kyaw Ni Facebook အကောင့်ပိုင်ရှင်က မောင်တူးဝေယံကို မုန့်ဖိုးဟုဆိုကာ ငွေတစ်သောင်းကျပ် ပေးခဲ့ကြောင်း၊ ယင်းနောက် မောင်တူးဝေယံ၏ ဓာတ်ပုံနှင့် ယှဉ်တွဲကာအောင်သပြေကျေးရွာမှ ကိုးတန်းကျောင်းသား မောင်တူဝေယံ လူငယ်သင်တန်းကျောင်းတွင် နှိပ်စက်ခံရခေါင်းစဉ်ဖြင့် ရေးတင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ရေးသားရာတွင် ‘အသစ်ရောက်လာတဲ့ ဆရာက တုတ်နဲ့ရိုက်ပြီးတဲ့နောက် ထောင်မှာလိုဆို အပြင်ဘုတ်လို မျက်နှာသာပေးခံရပြီး အပြင်ထွက်ခွင့်ရှိသူ အယောက်၂၀လောက်ကို ထိုးကြိတ် ကန်ကျောက်ခိုင်းကြောင်း၊ ဆရာမတစ်ယောက်က သေလိမ့်မယ်၊ တော်ကြတော့လို့ ပြောတာတောင် မရပ်သေးဘဲ လဲကျနေတဲ့ သူ့ကို မျက်နှာနဲ့ ခန္ဓာကိုယ်တို့ကို ခြေထောက်နဲ့ တက်နင်းကြောင်း၊ နောက် ဆရာမက ဆရာ့ကို ရပ်ခိုင်းလိုက်တော့မှ သူ့ကိုနှိပ်စက်တာ ရပ်ပါတယ်လို့ တူးဝေယံက ပြောပါတယ် ဟု ဖော်ပြထားကြောင်း၊ ယင်း မဟုတ်မမှန် ရေးသားဖော်ပြမှုမှာ ၎င်းတို့သင်တန်းကျောင်း၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဟု အဆိုပါရဲကြေးနန်းတွင် ပါရှိသည်။

အမှုဖွင့်ခံရသည့် Kyaw Ni Facebook အကောင့်တွင် အဆိုပါပိုစ့်ကို စက်တင်ဘာလ၂၇ ရက် နေ့စွဲဖြင့် တင်ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ယင်းအကောင့်ပိုင်ရှင်ကို Myanmar Now က Facebook မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ ၎င်းမှာ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ဗဟိုစည်းရုံးရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကျော်ကျော်ဖြစ်ပြီး အောင်သပြေရွာသားတို့မှ အကူအညီတောင်း၍ လာရောက်ရကြောင်း၊ မောင်တူးဝေယံ ထိုနေ့က ပြောကြားသည့်အတိုင်းသာ ရေးသားခြင်းဖြစ်၍ လူငယ်သင်တန်းကျောင်းမှ ပိုစ့်ဖျက်ခိုင်းရာတွင် ၎င်းဘက်က မမှား၍ မဖျက်‌ခဲ့ကြောင်း ဆိုသည်။

“ရဲစခန်းကတော့ အကြောင်းမကြားသေးပါဘူး။ ကျွန်တော်က အခု ပြည်ပမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှာ စစ်အစိုးရခေတ်တွင် ကျောင်းသားလှုပ်ရှားမှုများနှင့် အလုပ်သမားလှုပ်ရှားမှုများ၌ ဦးဆောင်ခဲ့ဖူးသော လူငယ် ၅ ဦးက ၂၀၁၇ ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အောင်သပြေရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် ရန်ကုန်အခြေစိုက်မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံးအယ်လ်ဖာဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လယ်မြေသီးနှံများပျက်စီးမှု အကြောင်းပြချက်များဖြင့် အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

ဒေသခံများက မေလ ၁၅ ရက်နေ့တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံဝင်းအတွင်း ဝင်ရောက်ဖျက်ဆီးရာ၌ မောင်တူးဝေယံလည်း ပါဝင်သည်ဟုဆိုကာ မေလ ၂၄ ရက်နေ့ မနက်က ပုသိမ်ကြီးမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် ၎င်းကို ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုပုဒ်မများဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၁၁၄ တို့ဖြင့် စွဲတင်ထားသည်။ ထိုပုဒ်မများအရ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက အမြင့်ဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

မောင်တူးဝေယံကို ကလေးသူငယ်တရားရုံးတွင်သာ စစ်ဆေးပြီး၊ လူငယ်ထိန်းသိမ်းရေးကျောင်းတွင်သာ ထိန်းသိမ်းထားရန် ဇူလိုင်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက လွှတ်တော်တွင် အတည်ပြုလိုက်သည့် ကလေးသူငယ်ဥပဒေအရ အသက် ၁၆ နှစ် ပြည့်ပြီး ၁၈ နှစ်အောက်သာ ရှိသူကို ကလေးသူငယ်အဖြစ်သာ သတ်မှတ်ရမည်ဟု ပါရှိခြင်းကြောင့် အသက် ၁၇ နှစ်ကျော်သာ ရှိသေးသော မောင်တူးဝေယံကို ကလေးသူငယ်အမှုအနေဖြင့် ဆက်လက်ရင်ဆိုင်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ရှေ့နေက ပြောဆိုထားသည်။

Show More

Related Articles

Back to top button