မေးမြန်းခန်း

“သေသွားတဲ့သူကို ပုံချတဲ့ အဲဒီလို ဖြစ်စဉ်တွေ မီးရထားမှာ ရှိခဲ့ဖူးတယ်”

မန္တလေး-ပုဂံ အစုန်အမြန်ရထားသည် အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းက နွားထိုးကြီးမြို့နယ်ထဲအရောက် ငှက်ပျောအိုင်ကျေးရွာအနီးတွင် စက်ခေါင်းတွဲဘီးချော်တိမ်းမှောက်သဖြင့် ဒုစက်ခေါင်းမောင်း သေဆုံးခဲ့သလို စက်ခေါင်းမှူးလည်း ဒဏ်ရာရခဲ့သည်။ ထို ဖြစ်စဉ်အတွက် မီးရထားမတော်တဆဖြစ်ပွားစဉ်က မောင်းနှင်ခဲ့သည့် စက်ခေါင်းမှူး (စက်ဗိုလ်) ဦးအောင်နိုင်ကို Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည်။

Myanmar Now – ပြီးခဲ့တဲ့လ ၂၀ ရက်နေ့က ရထားတွဲချော်မှုဖြစ်ပြီး လက်ထောက်စက်ခေါင်းမောင်း သေဆုံးခဲ့တယ်။ အဲ့ဒီဖြစ်စဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရတယ် ဆိုတာလေး မှတ်မိသလောက် ပြန်ရှင်းပြပေးပါ။

ဖြေ- ဖြစ်စဉ်ကတော့ ရထားလမ်း စချော်ကျတာပေါ့။ လမ်းချော်ကျပြီးတော့ … လမ်းပခုံးသားတွေ မရှိတဲ့အတွက် … လမ်းပခုံးသားရှိတယ်ဆိုလို့ရှိရင် စက်ခေါင်းက အဲဒီလိုကြီးဖြစ်စရာ အကြောင်းမရှိဘူး။ စက်ခေါင်းဟာ ချောက်ထဲ ထိုးကျသွားတယ်။ ရထားကျကျချင်း ဒီကလေး (သေဆုံးသူ)က “ဆရာ ရထားကျပြီ”။ “အေးငါသိတယ် မင်းကိုင်ထား” ပြောတုန်း သူက လွင့်ကျသွားတယ်။ ဦးက ရထားရပ်ရမယ့် ကိစ္စတွေလုပ်ပြီး ဦးလည်း သူ့လိုပဲ ထွက်ကျသွားတယ်၊ ထွက်ကျသွားတဲ့အချိန်မှာ ကိုယ်က ဘာမှမဖြစ်တဲ့အတွက် သူ့ကိုရှာတယ်။ ရှာတော့ ခုလိုဖြစ်သွားတဲ့အခြေအနေ တွေ့တာပေါ့။ စိတ်ထဲမှာ လုံးဝမကောင်းဘူး။

Myanmar Now ။ ။ တွဲချော်တယ်ဆိုတာ သိလိုက်ရချိန်မှာရော စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။

ဖြေ ။ ။ ဘယ်လိုမှမဖြစ်ဘူး၊ ကျတတ်တယ်ဆိုတာ သိနေတော့ တည်တည်ငြိမ်ငြိမ်ပဲ။ စိတ်လှုပ်ရှားမှုမရှိဘဲ ကိုယ်လုပ်ရမယ့် အလုပ်လုပ်နိုင်တယ်ပေါ့၊ နောက်တွဲဆိုင်းတွေ ကိုးရိုးကားရားမဖြစ်ဘဲ သူ့ဟာနဲ့သူ ရပ်နိုင်သွားတယ်။

Myanmar Now ။ ။ ဦးလေးက ရထားကို ထိန်းနေချိန် ဒုစက်ခေါင်းမောင်းက တွဲဆက်ကိုသွားပြီး ဖြုတ်တယ်ဆိုတာ ဟုတ်လား။

ဖြေ ။ ။ အဲဒါတွေကမဟုတ်ပါဘူး။ ကျွန်တော်တို့ ရထားမောင်းလာတယ်။ ကွေ့နေရာလေးမှာ အသံ ဒုန်းခနဲ မြည်သွားတယ်။ ရထားလမ်းချော်ပြီဆိုတာ သိလိုက်တယ်။ သိတဲ့အချိန်မှာ တပည့်လုပ်သူကို “မင်းကိုင်ထား”လို့ ပြောတဲ့အချိန်ရှိသေး သူက ထွက်ကျသွားတယ်၊ ကိုယ်က ရထားကို ရပ်နိုင်အောင် လုပ်နေတဲ့အချိန်ဖြစ်ပြီး လမ်းပခုံးသားမရှိတဲ့ နေရာဖြစ်တော့ ရထား‌ခေါင်းက ချောက်ထဲ ကျသွားတယ်။ ကိုယ်က ထွက်ကျသွားတယ်၊ အချိန်ပိုင်းက ၇ စက္ကန့် လောက်ပဲ ရှိတယ်။

Myanmar Now ။ ။ သူက ဘာနဲ့ထိခိုက်မိပြီး သေဆုံးသွားတာလဲ။

ဖြေ ။ ။ ဘယ်လိုသေဆုံးသွားလဲက ထင်ကြေးနဲ့ပဲ ပေးလို့ရမယ်။ ကျွန်တော့်ထင်ကြေးက စက်ခေါင်းတံခါးနဲ့ ရိုက်လိုက်လို့ ခြေထောက်ပြတ်သွားတယ်။ ဗိုက်ပေါက်ရတဲ့အကြောင်းက လွင့်ကျသွားပြီးတော့ အောက်မှာ ငုတ်တွေဘာတွေနဲ့ ဆောင့်မိပြီး ဗိုက်ပေါက်သွားတယ်လို့ ထင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့မှာ ဥပဒေဆိုတာ ရှိတယ်၊ ရှေ့ကို အမြဲတစေ ကြည့်ရမယ်၊ နောက်ကို မကြာခဏကြည့်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်။ ရထားကျသွားတဲ့အချိန်မှာ နောက်တွဲတွေ ကျမကျ (ဘီးချော်မချော်) ထကြည့်တဲ့အချိန်မှာ ဖြစ်သွားတာ။ ဥပဒေကို လိုက်နာလို့ ဖြစ်ရတာ။ သူလုပ်ရမယ့် တာဝန်ဝတ္တရားကို လိုက်နာရင်းနဲ့ပဲ ဖြစ်သွားတယ်လို့ ကျွန်တော်မြင်တယ်။

Myanmar Now ။ ။ အန်ကယ်ရော ဒီဖြစ်စဉ်မှာ ဒဏ်ရာတွေ ဘာတွေရခဲ့လဲ။

ဖြေ ။ ။ ဒဏ်ရာက ဒီလက်ကွဲသွားတယ်။ လက် ကိုးချက်ချုပ်လိုက်ရတယ်၊ မှန်စထိုးလို့။ မျက်နှာက မြေကြီးနဲ့ ဆောင့်မိလို့ ပေါက်သွားတယ်။ ဖူးရောင်သွားတယ်ပေါ့၊ တံခါးမကောင်းလို့ မြေကြီးပေါ် ထွက်ကျသွားတဲ့ အတွက်။

Myanmar Now ။ ။ စက်ခေါင်းထဲမှာပဲ ထိုင်နေရင် ထွက်မကျနိုင်ဘူးပေါ့။

ဖြေ ။ ။ ရထားစက်ခေါင်းခန်း အဝင်အထွက်တံခါးတွေ ပိတ်ထားလို့သာရရင် အတွင်းထဲမှာပဲ တစ်ခုခုနဲ့ ရိုက်မိပြီး သေချင်မှလည်း သေမှာ။ ဒဏ်ရာအပြင်းအထန်လောက်နဲ့ ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အဲဒီတံခါးတွေကလည်း တစ်ခါတစ်ရံ ပိတ်ရချင်မှရတာ။

Myanmar Now ။ ။ အဲဒီနေ့က တံခါးကရော ပိတ်လို့ရခဲ့လား။

ဖြေ ။ ။ မရဘူးလေ။ သက်တမ်းရင့်စက်ခေါင်းတွေဆိုတော့။

ရထားကျသွားတဲ့အချိန်မှာ နောက်တွဲတွေ ကျမကျ (ဘီးချော်မချော်) ထကြည့်တဲ့အချိန်မှာ ဖြစ်သွားတာ…

Myanmar Now ။ ။ မီးရထားစက်ခေါင်းတွေအများစုရဲ့ သက်တမ်းတွေဟာ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ ။ ။ ၁၉၇၈ လေ၊ အခု ၂၀၁၉။ နှစ် ၄၀ ကျော်နေပြီ။ သူများနိုင်ငံမှာ နှစ် ၃၀ တောင် မသုံးဘူး။

Myanmar Now ။ ။ အခု လမ်းချော်သွားခဲ့တဲ့ စက်ခေါင်းကရော ချော်ကျဖူးတာတွေ ဘယ်နှကြိမ်လောက် ဖြစ်ခဲ့ဖူးလဲ။

ဖြေ ။ ။ သုံးခါလောက်ရှိပြီ။

Myanmar Now ။ ။ အန်ကယ်ကရော မန္တလေး-ပုဂံ‌လမ်း မောင်းနေတာ ဘယ်လောက်ကြာပြီလဲ။ လမ်းခရီးကျွမ်းလား။

ဖြေ ။ ။ ငါးနှစ်ကျော်လောက်ရှိပြီ။ ဒါတောင် လက်ထောက်ဘဝ မပါသေးဘူး။ ဆိုတော့ မျက်စိမှိတ်အလွတ်ရတယ်။ ဘယ်နားမှာတက်တယ် ဘယ်နားဆင်းတယ်။

Myanmar Now ။ ။ အဲဒီနားမှာ လမ်းပခုံးမရှိလို့လို့ ပြောတယ်ဆိုတော့ လမ်းပခုံးမရှိဘူးဆိုတာကို ကြိုမသိရဘူးလား။

ဖြေ ။ ။ ကိုယ့်အပိုင်းမဟုတ်တဲ့ခါကျတော့ ကိုယ်တွေက ပြောပိုင်ခွင့်လည်းမရှိဘူး။ အင်ဂျင်နီယာဌာန သံလမ်းဘက်ကနဲ့ ဆိုင်တာ။

Myanmar Now ။ ။ သူတို့ဘက်ကရော ကြိုတင်အသိပေးတာ မရှိဘူးလား။ အကြောင်းကြားဖို့ မလိုအပ်ဘူးလား။

ဖြေ။ ။ သူတို့က မလိုအပ်ဘူးထင်လို့ မလုပ်တာပဲလေ။

Myanmar Now ။ ။ ဘာကြောင့် လမ်းပခုံးမရှိရတာလဲ။

ဖြေ ။ ။ စလုပ်ကတည်းက အဲဒီဘက်ကနေရာတွေက မြေဖို့ပြီး လုပ်ထားတာ။ ဖို့တဲ့မြေနေရာတွေက ချောက်ဖြစ်နေတာပေါ့။

Myanmar Now ။ ။ အခုဖြစ်စဉ် အဓိကအားနည်းချက်က ဘာလဲ။

ဖြေ ။ ။ ဌာနကြီးသုံးခုလုံးရဲ့ အားနည်းချက်ပဲ ပြောရမှာပေါ့။ စက်မှုဌာနရှိတယ်။ အင်ဂျင်နီယာဌာနရယ်၊ သွားလာပို့ဆောင်ရေးဌာနရယ်။ သုံးခုမှာ နှစ်ခု အားနည်းချက်ရှိတာ တိုက်ဆိုင်ရင် ဖြစ်နိုင်တာပေါ့။

Myanmar Now ။ ။ အခု ရထားတွဲချော်တာ ဘာကြောင့်လဲ။ ရထားမထွက်ခင် စစ်ဆေးတာတွေ မရှိလို့လား။ ရထားသက်တမ်းတွေ ကြာနေလို့လား။ လမ်းမကောင်းလို့လား။

ဖြေ ။ ။ မတော်တဆတစ်ခုဖြစ်တယ်ဆိုတာ ဘက်စုံပဲလေ။ ဘက်စုံတိုက်ဆိုင်မှုရှိလို့ ဖြစ်တာ။ စက်ခေါင်းမကောင်းလို့လို့လည်း ပြောလို့မရသေးဘူး၊ လမ်းမကောင်းလို့လို့လည်း ပုံချလို့မရဘူး။ ခုက သူတို့ အဖြေရှာနေကြတုန်း။ ဦးတို့အနေနဲ့က ဘယ်သူမကောင်းလို့ ဘယ်ဝါမကောင်းလို့ အပြစ်ပြောလို့မရဘူး၊ သူတို့တတ်ကျွမ်းတဲ့သူတွေ အပြစ်ရှာနေကြတယ်။ ဦးတို့ဘက်ကအရေးကြီးတာ မိုင်နှုန်းပိုမမောင်းဖို့ပဲ။ သူတို့ သတ်မှတ်ထားတာက ၂၅ မိုင်နှုန်း။ အဲဒီနေ့က ဦးလေးမောင်းခဲ့တာ ၂၂ မိုင်နှုန်း။

Myanmar Now ။ ။ ခုကိစ္စက ဘယ်သူ့မှာ အဓိကတာဝန်ရှိတယ်လို့ ထင်လဲ။

ဖြေ ။ ။ မိုင်နှုန်း ပိုမောင်းခဲ့ရင် ဦးမှာလည်း တာဝန်ရှိတာပေါ့။ အခုဖြစ်သွားတဲ့ဖြစ်စဉ်မှာ မိုင်နှုန်း ပိုမမောင်းခဲ့တဲ့အတွက် ဦးမှာတော့ တာဝန်မရှိဘူး။ ဦးကြောင့်ဖြစ်တယ်လို့ ပြောလို့မရဘူးပေါ့။

Myanmar Now ။ ။ ဟိုနေ့က ဖြစ်ရပ်အတွက်ရော အန်ကယ်ကို စစ်ဆေးတာတွေ လာလုပ်လား။

ဖြေ ။ ။ ဘာမှမလုပ်သေးဘူး။ ခေါ်ယူမေးမြန်းနေတာတွေ မရှိသေးဘူး။ မေးချင်မှလည်း မေးတော့မှာပါ၊ ကိုယ့်ဘက်က အလွတ်ကြီးဆိုတော့။ ဒါပေမဲ့ အဲဒီမတော်တဆမှုကတော့ မပြီးသေးဘူး။ အထက်မှာ ငြင်းနေကြတုန်း။

Myanmar Now ။ ။ မီးရထားတွဲချော်တာတွေ မကြာခဏဖြစ်တာမျိုး ကြားနေရတယ်။ ဒီတစ်ခေါက်ဖြစ်တာ အဆိုးရွားဆုံးဖြစ်စဉ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ပြောလို့ရတယ်။ လူသေဆုံးသွားတယ်ဆိုတော့။

နောင်ဒီလိုမဖြစ်အောင် ဘာတွေလုပ်ကြမလဲ ဦးလေးတို့က သိချင်တယ်…

Myanmar Now ။ ။ လုပ်သက် ဘယ်နှနှစ်ရှိပြီလဲ။ သက်တမ်းအတွင်းမှာရော အလားတူဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးလား။

ဖြေ။ ။ လုပ်သက် ၃၉ နှစ်။ ကြီးကြီးမားမား မတော်တဆဖြစ်တာက ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ ပထမတစ်ကြိမ်က စက်ဗိုလ်မဖြစ်ခင် လက်ထောက်ဘဝမှာ စက်ခေါင်းဘရိတ်တွေမကောင်းတာနဲ့ ရထားအဆင်းလမ်းပိုင်းမှာ ဆင်းပြေးပြီး ရထားရပ်အောင် သူတို့လုပ်ပေးထားတဲ့ သဲလမ်းဆိုတာ ရှိတယ်။ သဲလမ်းထဲကို ရထားဝင်သွားရင် ရပ်ကိုရပ်ရမှာ။ ဒါပေမယ့် ရထားက မရပ်နိုင်ဘူး။ မရပ်ဘဲရှေ့မှာ “dead end” ဆိုတာ ရှိတယ်။ အဲဒါကို တိုက်ပြီး ရထားမှောက်သွားတယ်။ အဲဒီတုန်းက ဘာမှတော့မဖြစ်ခဲ့ဘူး။ လူ ခုနစ်ယောက် သေသွားတယ်။ စက်ခေါင်းရဲ့ ရှေ့မှာ ‘ခရီးသည်မစီးရ’ လို့ ရေးထားတဲ့ နေရာရှိတယ်။ အဲဒီပေါ်မှာစီးတဲ့ ခရီးသည်တွေ သေသွားတာပေါ့။

Myanmar Now ။ ။ အဲဒီတုန်းက ဘယ်လို အရေးယူခံရလဲ။

ဖြေ ။ ။ အဲဒီတုန်းက စက်ဗိုလ်ကို ဖြုတ်ပစ်တယ်။ ကျွန်တော်က တစ်နှစ် လစာထဲက အဖြတ်ခံရတယ်။ ၁၉၉၂ ခုနှစ်လောက်ကပေါ့။ ဦးလေး စက်ဗိုလ်မဖြစ်သေးဘူး။

Myanmar Now ။ ။ ဒုတိယအကြိမ်ကရော။

ဖြေ ။ ။ ဒုတိယအကြိမ်က စစ်တွေမှာဖြစ်ခဲ့တာ။ ၂၀၁၈ မှာ။ အဲဒါက ရထား ရေထဲပါသွားတာ။ ရထားက ရပ်နိုင်လို့။ မရပ်နိုင်ရင် ကိုယ်လည်းအသေပဲ။ ရထားကို အချိန်မီရပ်နိုင်ခဲ့လို့ အကြီးအမားမဖြစ်ခဲ့ဘူးပေါ့။

Myanmar Now ။ ။ သက်တမ်းလွန် မီးရထားစက်ပစ္စည်းတွေ အတွက်ရော လိုအပ်ချက်တွေကို သက်ဆိုင်ရာကို စက်ခေါင်းမောင်းတွေက တင်ပြလား။

ဖြေ ။ ။ ကျွန်တော်တို့က တင်ပြလို့မရဘူး၊ သူတို့စက်မှုဌာနဘက်က ဒီစက်ခေါင်းတွေကို ထိန်းသိမ်းတဲ့ဘက်က သူတို့တာဝန်ယူပြီး ခွင့်ပြုထားလို့ သူတို့က “ဒီစက်ခေါင်းကိုမောင်း” ဆို ကိုယ်တွေက မောင်းရမှာ။ ဦးတို့က “ဒီစက်ခေါင်းက မကောင်းဘူးဗျာ၊ ကျွန်တော်မသွားဘူးဗျာ” လို့ ငြင်းပိုင်ခွင့်ကလည်းမရှိတော့ သူတို့ပေးတဲ့ခေါင်းကို မောင်းရတာ၊ ဦးတို့က တင်ပြခွင့်မရှိဘူး။

Myanmar Now ။ ။ တာဝန်ရှိသူတွေက ဒီလိုအက်ဆီးဒင့်တွေ မဖြစ်အောင် စစ်ဆေးတာတွေ မလုပ်ဘူးလား။

ဖြေ ။ ။ အထက်လူကြီးက‌တော့ ဘယ်လာစစ်မလဲ၊ ဒီစက်ရုံထဲ ရှိတဲ့လူတွေကပဲ စစ်ဆေးတာပေါ့၊ ပြင်ဆင်မှုတွေဆိုတာ နေ့တိုင်း လမ်းခရီးက ပြန်လာရင် သူတို့စစ်ဆေးရမယ့် အချက်တွေရှိတယ်။ အဲဒီပုံစံအတိုင်း သူတို့စစ်ဆေးကြတာ။

Myanmar Now ။ ။ မီးရထားမတော်တဆမှုတွေဖြစ်ရင် ဘယ်ဝန်ထမ်းတွေကို ဘယ်လိုအရေးယူလဲ။

ဖြေ ။ ။ စက်ဗိုလ်ကြောင့်ဖြစ်ရင်တော့ ဖြုတ်ပစ်တာက များတာပါပဲ။ တချို့အပြစ်က မကြီးဘူး၊ လူသေမှုတွေ မဖြစ်ဘူးဆိုရင် လစာဖြတ်တာတို့၊ ပစ္စည်းတန်ဖိုး လျော်ရတာတို့ ရှိတယ်။

Myanmar Now ။ ။ အထက်လူကြီးတွေကိုရော အရေးယူမှုတွေလုပ်လား။

ဖြေ ။ ။ မကြားဖူးပါဘူး။ ကိုယ့်နိုင်ငံမှာ အထက်က တာဝန်ယူမှုဆိုတာ ရှိမှမရှိဘဲ။

Myanmar Now ။ ။ အခု လူသေဆုံးမှုဖြစ်စဉ်အတွက်ရော ဘယ်လိုတာဝန်ယူပေးလဲ။

ဖြေ ။ ။ အဲဒီလိုတော့မပြောတတ်ဘူး။ တာဝန်ယူမှုကတော့ ဘာမှမကြားဘူး။ သူ့ဝန်ထမ်းတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးပဲ ပေးတယ်။ ဝန်ထမ်းတစ်ယောက် သေဆုံးသွားရင် ဘယ်လိုရှိတယ် ဘယ်ပင်စင်ရမယ်၊ ဒီလောက်ပဲရှိတာပေါ့။ မီးရထားဌာနအနေနဲ့ကတော့ အခြားအခွင့်အရေးဆိုတာ မရှိပါဘူး။

Myanmar Now ။ ။ အခုမီးရထားကဏ္ဍမှာ ဂျပန်ကအကူအညီနဲ့ လမ်းအသစ် ရထားအသစ်တွေနဲ့ ပြေးနိုင်အောင် လုပ်ဆောင်နေတယ် ကြားတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကောင်းတဲ့အစီအစဉ်ပဲ၊ ကောင်းမှာပါ၊ ကောင်းတယ်ဆိုပေမယ့်လည်း မြန်မာပြည်မှာ သုံးနေတဲ့လမ်းပိုင်းအခြေအနေနဲ့ နိုင်ငံခြားကသုံးတဲ့ လမ်းပိုင်းအခြေအနေနဲ့ မတူဘူး။ မီတာဂိတ် (metre gauge) တို့၊ စတန်းဒက်ဂိတ် (standard gauge) တို့ ယှဉ်လိုက်ရင်တော့ အရည်အသွေး နိမ့်နေသေးတာပေါ့။

Myanmar Now ။ ။ မီးရထားနဲ့ပတ်သက်လို့ အခြားအခက်အခဲတွေ ရှိကြလား။

ဖြေ ။ ။ မောင်းတဲ့သူတွေအတွက်ကတော့ အခက်အခဲကတော့ အများကြီးပဲ။ ရထားတစ်စီး ထွက်ရတော့မယ်ဆိုရင် အတော်စဉ်းစားနေကြရတာ။ လမ်းပိုင်းမကောင်းတာနဲ့။ စက်‌ခေါင်းမကောင်းတာနဲ့။ ဘုရားတပြီး သွားနေရတဲ့ အခြေအနေပါပဲ။ အလုပ်မထွက်သာလို့သာ လုပ်နေကြရတာ။

Myanmar Now ။ ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိလား။

ဖြေ ။ ။ ဒီလို အက်ဆီးဒင့်တွေဖြစ်ရင် အရေးယူတာထက် နောင် ဒီလိုမဖြစ်အောင် ဘာတွေလုပ်ကြမလဲ ဦးလေးတို့က သိချင်တယ်။ အထက်အရာရှိတွေဆီကပေါ့နော်။ ဦးလေးတို့သာ နှစ်ယောက်လုံး သေသွားခဲ့မယ်ဆိုရင် ဒီဖြစ်စဉ်က ဦးလေးတို့ပေါ့လျော့မှုကြောင့်ဆိုပြီး ပုံချလိုက်မှာ။ သေသွားတဲ့သူကို ပုံချတဲ့ အဲဒီလိုဖြစ်စဉ်တွေ မီးရထားမှာ ရှိခဲ့ဖူးတယ်။

Show More

Related Articles

Back to top button