သတင်း

ထောင်၇နှစ် ချခံထားရသည့် ငါးမင်းဆွေ၏အယူခံ တိုင်းတရားလွှတ်တော် ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားခဲ့ခြင်းကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရသည့် ငါးမင်းဆွေအယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်က ယနေ့တွင် ပယ်ချလိုက်ပြီး မူလပြစ်ဒဏ်အတိုင်း ဆက်လက်ကျခံရန် ဆုံးဖြတ်လိုက်သည်။

အသက် ၆၂ နှစ်အရွယ် ဦးမင်းဆွေ() ငါးမင်းဆွေအား ရဲများက ရန်ကုန်ရှိ သူ၏နေအိမ်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။ နှစ်လကြာ စစ်ဆေးခဲ့ပြီးနောက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် တစ်သိန်း ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ အဆိုပါပြစ်ဒဏ်ကို ရန်ကုန်တိုင်း တရားလွှတ်တော်က ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်သည်။

ဒီနေ့တရားရုံးက ပလပ်လိုက်တယ်။ ဒီအပေါ်မကျေနပ်ဘူးဆိုရင် နေပြည်တော်ကို ဆက်တက်လို့ ရတယ်။ ဒါကတော့ သူ့မိသားစုနဲ့ သူ့ရဲ့သဘောထားကိုမေးပြီး ဘာဆက်လုပ်မယ်ဆိုတာကိုတော့ တိုင်ပင်ရဦးမှာဟု

ယနေ့အချိန်တွင် သာယာဝတီထောင်တွင်း အကျဉ်းကျခံနေရသည့် ငါးမင်းဆွေ() ဦးမင်းဆွေ၏ ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်အပြီး Myanmar Now သို့ ပြောသည်။

ခရိုင်တရားရုံးတွင် အမှုစစ်ဆေးစဥ် ကာလများအတွင်းက တရားလို ဒုရဲမှူးကြီးသာထွန်းက ငါးမင်းဆွေသည် ၂၀၁၈ မေလ ၁၆ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားထားပြီး တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်သည်ဟုလည်း ရေးသားထားကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ဖူးသည်။

ငါးမင်းဆွေ ဖမ်းဆီးခံရသည့်နေ့က ရဲများ လာရောက် ဖမ်းဆီးပုံကိုဆားမင်းဆွေအမည်ရ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဆားမင်းဆွေစာမျက်နှာကို မနေ့ကအထိ ရှာဖွေတွေ့ရှိရသော်လည်း ရန်ကုန်တိုင်းတရားလွှတ်တော်က အမိန့်ချလိုက်သော ယနေ့ (အောက်တိုဘာလ ၁၀ ရက်)နံနက်ပိုင်းမှစ၍ Facebook တွင် ရှာဖွေမရတော့ပေ။

ငါးမင်းဆွေ၏ဇနီး ဒေါ်မေသန်းဝင်းက သူ၏အမျိုးသားသည် သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရပြီး ပုံမှန်ဆေးဝါးကုသမှု ခံယူနေရကြောင်း၊ အယူခံ ပယ်ချခံရသည့်အတွက် စိတ်ပျက်မိကြောင်း ပြောသည်။

ခုနစ်နှစ်ဆိုတာကတော့ များလွန်းပါတယ်။ ကျွန်မလည်း သူရေးတဲ့စာကို ဖတ်ဖူးပါတယ်။ ဒါက ဘာပဲပြောပြော သူက တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ ရေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်လောက်ဆိုရင်တောင် ကျေနပ်သေးတယ်။ အခုက အရင်အတိုင်းပဲဆိုတော့ ဘယ်လိုမှစိတ်မချမ်းသာဘူးဟု ဒေါ်မေသန်းဝင်းက ပြောသည်။

ပုဒ်မ ၁၂၄(က) အရ အစိုးရကို လူအများက မုန်းထားအောင်၊ သို့မဟုတ် မလေးမစားအောင် နှုတ်အားဖြင့်၊ စာအားဖြင့်၊ အမှတ်အသားအားဖြင့်၊ ပုံသဏ္ဌာန်တစ်ခုခုဖြင့် ပြုလုပ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ငါးမင်းဆွေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကြေးရုပ်ကို နေပြည်တော်တွင် ထားရှိသွားမည်ဟု ဇူလိုင်လ ရက်နေ့တွင် ရေးသားခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဓာတ်ပုံဖြင့် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်ချုပ်ကြီးအား အာဏာလွှဲအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။

ဆောင်းပါးရှင် ငါးမင်းဆွေသည် တပ်မတော်အစိုးရ အာဏာရစဉ် နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားခဲ့ဖူးသည်။

Show More

Related Articles

Back to top button