သတင်း

နော်အုန်းလှတို့ကို အမိန့်ချမည့်နေ့ တရားရုံးရှေ့ လူထောင်ချီ စုဝေးမည်

ကရင့်အာဇာနည်နေ့ဆိုသော အသုံးအနှုန်းကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော နော်အုန်းလှနှင့် ကရင်လူငယ် နှစ်ဦးကို အမိန့်ချမည့် မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးရှေ့သို့ လူ ၂၀၀၀ ခန့် ချီတက်ဆန္ဒပြရန် ကရင်တိုင်းရင်းသားအချို့က စီစဉ်နေကြသည်။

ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် စုရပ်အဖြစ် သတ်မှတ်ထားပြီး ပန်းဆိုးတန်းလမ်းအတိုင်း ကျောက်တံတားမြို့နယ်တရားရုံးသို့ လမ်းလျှောက်ချီတက်မည့် ထိုအစီအစဉ်ကို ကျောက်တံတားရဲစခန်းသို့ နှစ်ရက်ကြိုတင် အကြောင်းကြားထားပြီးဖြစ်ကြောင်း အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် စောကျော်လင်းက Myanmar Now ကို ပြောသည်။

အခုက ကရင်တစ်ခုတည်းအတွက် လုပ်တာမဟုတ်ဘူး။ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ တန်းတူအခွင့်အရေးအတွက် လုပ်ရတာဖြစ်တယ်ဟု ၎င်းက ဖုန်းဖြင့် ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှ နှင့် ကရင်လူငယ်များဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦးအား ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် ၁၂ က အခြားကရင်တိုင်းရင်းသားများ နှင့် စုပေါင်း၍ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ပြီးနောက် ထောင်ဒဏ် တစ်လအထိ ချ၍ရသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၂၀ ဖြင့် ရန်ကုန်၊ ကျောက်တံတားမြို့နယ် ရဲမှူးက တရားစွဲထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရုံးတင်စစ်ဆေးမှုတွင် ၎င်းတို့သုံးဦးသည် အပြစ်မရှိဟုဆိုကာ တရားရုံးကို သပိတ်မှောက်သည့်အနေဖြင့် တရားသူကြီး၏မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။ ထို့နောက် တရားသူကြီးက အောက်တိုဘာလ ရက် ဗုဒ္ဓဟူးနေ့တွင် အပြီးသတ်အမိန့်ချရန် ဆုံးဖြတ်ခဲ့သည်။

ကရင်တက်ကြွလှုပ်ရှားသူ သုံးဦးကို အမိန့်ချမည့်နေ့တွင် တရားရုံးရှေ့ ဆန္ဒပြမည့်အပြင် တရားရုံးမှအပြန် ညနေပိုင်းတွင်လည်း ဆန္ဒပြပွဲကို ဆက်လုပ်မည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (KWU) က တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်သင်းသင်းမော်က ဆိုသည်။

လက်လှမ်းမီသလောက် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ဖိတ်ထားတယ်။ အခု ကယားတွေလည်း ရောက်နေပြီ။ရခိုင်အဖွဲ့ကလည်း လာနေပြီ။ မနက်ဖြန် ဝန်းရံမယ့် အင်အားက များမယ်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့ ရုံးထုတ်တွင်လည်း KNU (ကရင်အမျိုးသားအစည်းအရုံး) မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ (ဗဟိုအမြဲတမ်းကော်မတီဝင်) ဖဒိုမန်းငြိမ်းမောင် အပါအဝင် လူ ၂၀၀ ခန့် ကျောက်တံတားတရားရုံးရှေ့ စုဝေးခဲ့ကြပြီး တရားစွဲဆိုခံရသူများ လွတ်မြောက်ရေး တောင်းဆိုခဲ့ကြသည်။

ထိုနေ့က ချီတက်ဆန္ဒပြပွဲတွင် ကရင်အလံများ ထောင်ခွင့်မပြုဟု ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည့်အတွက် မနက်ဖြန်လှုပ်ရှားမှုတွင် အသုံးပြုမည့် အလံနှင့် ဆိုင်းဘုတ်များကို ရဲအား အသိပေးထားကြောင်း ကရင်လူငယ်ကွန်ရက် (KYN) မှ အဖွဲ့ဝင် နော်ခင်ခင်ချစ်က ပြောသည်။

အလံထောင်လို့ မရဘူးပေါ့။ အလံထောင်ရင် ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲလို့ရတယ်ပေါ့။ အဲဒီလိုပြောပြီး (ရဲက) ဝင်တားတာရှိတယ်။ အခုတစ်ခေါက်ကတော့ ကရင်အလံ ဘယ်နှခု သုံးမယ်ဆိုပြီး ကိုင်မယ့်အရေအတွက်ကိုပါ ပြောထားပါတယ်ဟု ၎င်းက ဆိုသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တို့က သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့် နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU ဘက်က ဆိုသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းအတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင် ကာလနှင့် လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူ ဖြစ်သည်။

Related Articles

Back to top button