ရန်ကုန် – ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် ရာနှင့်ချီသော ကျောင်းကားများနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများအား စုံစမ်းစစ်ဆေးပေးရန် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ယနေ့တွင် တောင်းဆိုလိုက်သည်။
ကျောင်းကား ၂၀၀ ကို အစောပိုင်းတွင် ဖျက်သိမ်းလိုက်သည့် မထသထံမှ ရရှိသည့် ကျပ် ၅ ဘီလျံကို မြှုပ်နှံပြီး ရွှေလက်ကုမ္ပဏီနှင့် ပူးပေါင်းဝယ်ယူထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေလက်ကုမ္ပဏီပျောက်သွားပြီး ကမ္ဘောဇဘဏ်မှ ငွေကျပ် ၅ ဒသမ ၅ ဘီလျံ ချေးငှားဝယ်ယူခဲ့သည်ဆိုသည့် သတင်းများကို စစ်ဆေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုမှုသည် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အစီရင်ခံစာတွင် တွေ့ရှိခဲ့သည့် နိုင်ငံ့ဘဏ္ဍာနစ်နာမှုများအား အဂတိတိုက်ဖျက်ရေးကော်မရှင်က စိစစ်ရန် ရန်ကုန်လွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်း၏ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောင်းဆိုမှုအပြီး ဒုတိယအကြိမ်မြောက်ထွက်ပေါ်လာသည့် သဘောထားဖြစ်သည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်သည် တစ်နိုင်ငံလုံးတွင် ရှေ့နေအင်အား ၅၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။