သတင်း

အဂတိ စွပ်စွဲခံထားရသူ ဆေးဝါးစက်ရုံမှူး ကိုယ်ကျိုးမလုပ်ဟု ၎င်းကိုဝန်းရံသူများဆို

ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့၍ဟုဆိုကာ BPI ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ကာ စတင်စစ်ဆေးနေပြီ ဖြစ်သည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ယနေ့အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ချုပ်နှောင်ခွင့် ရယူခဲ့ရာတွင် တရားရုံးသို့ ဝန်ထမ်းအင်အား ၁,၇၀၀ ခန့်ရှိသည့် အဆိုပါစက်ရုံမှ ဝန်ထမ်း ၁၀၀ ကျော်က လာရောက်ဝန်းရံခဲ့ကြသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့အတွက် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာ၌ ကုမ္ပဏီနှင့်ပေါင်းကာ “ရိုက်စားခွင်များ” ဖန်တီးနေသဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလာ၍ ကော်မရှင်ဖွဲ့ကာ စစ်ဆေးခဲ့ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

ယင်းသို့ စစ်ဆေးရာတွင် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရဲစခန်းတွင် စက်တင်ဘာလ ၆ ရက်နေ့က အမှုဖွင့်လှစ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်ရုံအနေဖြင့် သွေးကြောသွင်း ဆေးရည်ဘူးများ အချိန်မီ ထုတ်လုပ်ပေးရန်အတွက် လက်ကျန်ကော်စေ့များ မရှိတော့၍ ထို ၂၆ တန်ကို မှာယူလိုက်ရခြင်းသာဖြစ်ပြီး၊ စက်ရုံ၏ထုတ်လုပ်မှု ထိခိုက်မည်ကို စိုးရိမ်၍သာ စက်ရုံမှူး ဒေါက်တာအောင်ဇော်က ဆောင်ရွက်လိုက်ရခြင်းဖြစ်ကြောင်း အင်းစိန် ဘီပီအိုင်စက်ရုံ၏ ဒုတိယစက်ရုံမှူး(အုပ်ချုပ်ရေး) ဦးသိန်းဦးက ပြောသည်။

“သူလုပ်တာက သူ့ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ သူ လုပ်မှားကိုင်မှားတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ သူ့ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး။ သူက ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် လူနာတွေကို ဆေးတွေ မပြတ်လပ်စေချင်ဘူး။ ပြီးတော့ အဲဒီကာလအတွင်း မထုတ်လို့ရှိရင် စက်ရုံရဲ့ ရည်မှန်းချက်တွေ လျာထားချက်တွေ ပြည့်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

Myanmar Now က ရရှိထားသည့် အချက်အလက်များအရ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ခေါ်ယူသည့် တင်ဒါကို LG Chem LDPE အမျိုးအစား ကော်စေ့ဖြင့် Suntec ကုမ္ပဏီက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တင်ဒါအောင်မြင်ခဲ့သည်။

သို့သော်လည်း တင်ဒါ အောင်မြင်သည့် Suntec ကုမ္ပဏီမှ အာမခံငွေ ပေးသွင်းခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများသည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလထိ ပြီးပြတ်ခြင်းမရှိသေးကြောင်း BPI ဆေးဝါးစက်ရုံမှ သိရသည်။

တင်ဒါပါ ကော်စေ့အမျိုးအစားဖြစ်သည့် LDPE (LG Chem) Plastic Seed အမျိုးအစားအား အမြန်ရရှိစေရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလများတွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများနှင့် LDPE (LG Chem) ကော်စေ့ အမြန်ရရှိလိုကြောင်း ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ယင်းစက်ရုံမှ ရရှိသော အချက်အလက်များအရ သိရသည်။

သို့သော် တင်ဒါပါ LDPE(LG Chem) ကော်စေ့အမျိုးအစားမှာ ပြတ်လပ်နေ၍ တင်ဒါအောင်မြင်သည့် Suntec ကုမ္ပဏီနှင့် ညှိနှိုင်းရာ LDPE (Lotte) ကော်စေ့အမျိုးအစားကို ရရှိခဲ့သည်။

ထို LDPE (Lotte) ကော်စေ့အမျိုးအစား ၂၆ တန်အား အသုံးပြု၍ သွေးကြောသွင်းဆေးရည် ဘူးပေါင်း ၆၆၀,၀၀၀ ထုတ်လုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဆေးရုံများသို့ ပေးပို့ ဖြန့်ချိခဲ့ကြောင်း BPI ဆေးဝါးစက်ရုံမှရသော အချက်အလက်များတွင် ပါရှိသည်။

ဒေါက်တာအောင်ဇော်ကို စက်တင်ဘာလ ၆ ရက်နေ့တွင်ပင် အင်းစိန်မြို့နယ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ပြီး ယနေ့တွင် အင်းစိန်မြို့နယ်တရားရုံး၌ ရုံးထုတ်ကာ ချုပ်နှောင်ခွင့် ရယူခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးထုတ်တွင်တော့ ဒေါက်တာအောင်ဇော်၏ မျက်နှာကို သတင်းမီဒီယာများမှ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း မပြုနိုင်စေရန် ၎င်းကို ဝန်းရံကြသည့် စက်ရုံဝန်ထမ်းအချို့က မိုးကာအင်္ကျီဖြင့် ကာကွယ်ခြင်း၊ ထီးဖြင့်ကွယ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာအောင်ဇော်ကို ဝန်းရံသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဒုတိယစက်ရုံမှူး(အုပ်ချုပ်ရေး)က ယင်းသို့လုပ်ဆောင်ခြင်းမှာ ၎င်းတို့စက်ရုံမှူး၏ မိသားစု သဘောဆန္ဒကြောင့်ဟု ဆိုသည်။

“သူရဲ့မိသားစုရဲ့ဆန္ဒကတော့ ဒီလိုရုံးထုတ်လာတဲ့အချိန်မှာ သူ့မျက်နှာကို မမြင်စေချင်စေသေးတဲ့ သဘောပေါ့။ သူ ဖြေရှင်းပြီးတဲ့အချိန်၊ သူ ခုခံကာကွယ်ပြီးတဲ့ အချိန်ရောက်မှ သူ့ကို ပြချင်တာပေါ့နော်။ မိသားစုရဲ့ ဆန္ဒအရပေါ့ ” ဟု ၎င်းက ပြောသည်။

ယနေ့တရားရုံးထုတ်ချိန်တွင် စက်ရုံယူနီဖောင်းများ ဝတ်ဆင်ထားသည့် ဝန်ထမ်း ၁၀၀ ကျော်က ‘ကိုယ်ကျိုးမဖက် – BPI အတွက် ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံစို့ (စက်ရုံဝန်ထမ်းများ)’ ဆိုသည့် စာသားများပါ စာရွက်များ ကိုင်ဆောင်ကာ ၎င်းတို့၏ စက်ရုံမှူးကို လာရောက် ဝန်းရံခဲ့ကြသည်။

အထက်အဆင့်ဆင့် ညွှန်ကြားချက်များအရသာ လုပ်ရခြင်းဖြစ်ပြီး ဒေါက်တာအောင်ဇော်တွင်  လုပ်ပိုင်ခွင့်မရှိကြောင်း၊ သူ၏ကိုယ်ကျင့်တရားမှာ ပြောစရာမရှိအောင် ကောင်းကြောင်း စက်ရုံကုန်ထုတ်လုပ်မှု ကျသွားမှာ စိုးသည့်အတွက်သာ စက်ရုံမှ လူအနည်းစုက လာရောက်ဝန်းရံခြင်းဖြစ်ကြောင်း လာရောက်ဝန်းရံသူများထဲမှ တစ်ဦးဖြစ်သူ လုံခြုံရေးမှူး ဦးထွန်းထွန်းနိုင်က Myanmar Now ကို ပြောဆိုသည်။

“ဒီကလေးကို ငယ်ငယ်ကတည်းက သိခဲ့တာပါ။ သူ့အစ်ကိုနဲ့က သူငယ်ချင်းတွေဆိုတော့ သူတို့မိသားစုရဲ့ အခြေအနေက ငွေကြေးလည်းတတ်နိုင်တဲ့ အင်အားတွေ ရှိတယ်။ မဟုတ်တာလည်း လုပ်မယ်လို့ မထင်ဘူး ဒါကတော့ (ပုဂ္ဂိုလ်ရေး ယုံကြည်မှု) ပါ” ဟု သီပေါဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက Myanmar Now ကို ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုသည့်ကိစ္စကို အသေးစိတ်မသိသော်လည်း ဒေါက်တာအောင်ဇော်မှာ ပညာရပ်ပေါ်တွင် တတ်ကျွမ်းနားလည်မှုရှိသူဖြစ်ပြီး ပညာရပ်ပေါ်တွင် စွဲလမ်းရူးသွပ်သူဖြစ်ကြောင်း၊ ပညာရှင်တစ်ယောက် ဆုံးရှုံးနစ်နာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောဆိုသည်။

“သူက microbiologist (အဏုဇီဝပညာရှင်) တစ်ယောက်အနေနဲ့ အင်မတန်ကြိုးစားတဲ့ ကလေးပေါ့။ ဆရာတို့ အခုချိန်မှာ ဆေးဝါးတွေနဲ့ ပတ်သက်လို့လည်း ဆရာတို့ ကင်ဆာဆေးတွေဘာတွေဆို အများကြီး တိုးတက်လာအောင် ထုတ်တဲ့အပြင် မြွေဆိပ်ဖြေဆေးကိုလည်း ဆရာတို့တစ်နိုင်ငံလုံးမှာ လုံလုံလောက်လောက်ဖြစ်အောင် ထုတ်ပေးတဲ့ကလေးလေ” ဟု သီပေါဆေးရုံအုပ်ကြီးက Myanmar Now ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စက်ရုံမှူး ဒေါက်တာအောင်ဇော်နှင့် အရာထမ်း၊ အမှုထမ်းများ၏ ကြိုးစားအားထုတ်အောင်မြင်မှုနှင့် စက်ရုံမှူးအပေါ် စက်ရုံဝန်ထမ်းများ၏ ထောက်ခံမှုတို့ကို အသိအမှတ်ပြုကြောင်း၊ သို့ သော်လည်း ၎င်းတို့အနေဖြင့် ဌာနအဖွဲ့အစည်း၏ အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကိုသာ ဦးစားပေး ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ယနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

ယခုကိစ္စတွင်လည်း ဥပဒေနှင့်အညီ အရေးယူရန် ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် အများပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် အချိန်မီ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကော်မရှင်အစည်းအဝေးတွင် လေးလေးနက်နက် စဉ်းစားချင့်ချိန်၍ ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသော ဒေါက်တာအောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးက စက်တင်ဘာ ၁၉ ရက်နေ့အထိ ချုပ်နှောင်ခွင့် (ရမန်) ပြုလိုက်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ အဂတိလိုက်စားကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ခေတ်မီဆေးဝါးများ ထုတ်လုပ်မှုကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့အပြင် တစ်နိုင်ငံလုံးမှာ ရှိသည့် BPI ဆေးဝါးအရောင်းဆိုင်များကို ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

၁၉၅၇ ခုနှစ်မှစ၍ BPI က ဆေးဝါးများ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးဝါးအမျိုးအစား နှစ်ရာနီးပါး ထုတ်လုပ်လျက်ရှိကာ ၂၀၁၈ ခုနှစ်တွင် ပဋိဇီဝပိုးသတ်ဆေးအုပ်စုဝင် ထိုးဆေးနှင့် သောက်ဆေး၊ HIV နှင့် အသည်းရောင်အသားဝါ ဘီပိုးကုသဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးတွင်းအဆီကျဆေးနှင့် လက်သန့်ဆေးရည်တို့ကို အသစ်ထုတ်လုပ်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button