
ကုန်တင်နှင့်အိမ်စီးကား ခုနှစ်စီးကို လက်နက်ကိုင်တစ်စုက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ယမန်နေ့ညက မီးရှို့ဖျက်ဆီးလိုက်ပြီး မြန်မာ – တရုတ် ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေသူများအား ထပ်မံ ခြိမ်းခြောက်လိုက်သည်။
လက်မောင်းတံဆိပ်မပါသည့် စစ်စိမ်းရောင် ယူနီဖောင်းများဝတ် သေနတ်သမား ၂၀ ခန့်က ကွတ်ခိုင်မြို့အထွက် နမ့်ကွတ်ရွာအနီးတွင် ကားများကို တားဆီးခဲ့ပြီး ခရီးသွားများ၏ ငွေနှင့်ဖုန်းများကို လုယူသွားခဲ့ကြောင်း၊ ယင်းနောက် ည ၇ နာရီခွဲခန့်တွင် ကုန်တင်ကား လေးစီး နှင့် လူစီးကား သုံးစီးတို့ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများအား ကိုးကားပြီး ဒေသခံကူညီကယ်ဆယ်ရေးလုပ်သားများက ပြောသည်။
ငွေကြေးနှင့်ကားများ ဖျက်ဆီးလုယူခံခဲ့ရသည့် ခရီးသွားများသည် နမ့်ကွတ်ရွာတွင် ညအိပ်တည်းခိုခဲ့ရပြီး ယနေ့နံနက်တွင် မိုင် ၅၀ ခန့် ကွာဝေးသည့် လားရှိုးမြို့သို့ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် ပြန်သွားခဲ့ကြရသည်။
“ ကားဆရာတွေကို လားရှိုးကို အရင်ပို့မယ်။ ပြီးမှ သူတို့ပြန်ချင်တဲ့ မြို့နယ်တွေကို သွားနိုင်အောင် ဆက်လက် ကူညီပေးဖို့ လုပ်နေတယ် ” ဟု
ကွတ်ခိုင်အခြေစိုက် စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ကိုမိုင်းအိုက်မွန်းက ပြောသည်။
ယင်းတိုက်ခိုက်မှုအတွက် မည်သည့်တပ်ဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့ခြင်းတော့ မရှိသေးပါ။

ပြီးခဲ့သည့် လလယ်က တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့သည် ပြင်ဦးလွင်နှင့် နောင်ချို အပါအဝင် နေရာ ငါးနေရာကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် နှင့် ၎င်းတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတလျှောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။
တိုက်ခိုက်မှုများသည် တစ်ခါတစ်ရံတွင် အရပ်သားများအား ဦးတည်လေ့ရှိပြီး အရပ်သားသေဆုံးမှုများ ရှိပါက နှစ်ဖက်တပ်ဖွဲ့များက အပြန်အလှန် ပြစ်တင်စွပ်စွဲကြလေ့ရှိသည်။
ယမန်နေ့တိုက်ခိုက်မှုအတွက် Myanmar Now က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များထံ ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
ဩဂုတ် ၂၆ ရက်နေ့ နမ့်ဖတ်ကာမြို့အနီးတွင် အိမ်စီးကား သုံးစီး မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဩဂုတ် ၃၀ ရက်နေ့ကလည်း သိန္နီမြို့နယ်အတွင်း ခရီးသည်တင်ကားတစ်စီး၊ အိမ်စီးကား နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး မီးရှို့ခံခဲ့ရသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးအသင်း၏ အတွင်းရေးမှူး ဦးဝင်းအောင်ခန့်က မူဆယ်မှ လားရှိုးအထိ တိုက်ပွဲဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး ကုန်ကားတချို့ကတော့ အရဲစွန့် သွားလာနေဆဲဖြစ်သည်ဟု ပြောသည်။
“ သွားတဲ့ကားတွေကတော့ သွားနေကြတာပဲ။ ကံဆိုးတဲ့ကားကတော့ ခံရတာပေါ့ဗျာ ” ဟု သူက ဆိုသည်။