
လူသိများသည့် ပုဂံသရပါဟိုတယ်မှ အလုပ်သမား ၁၂ ဦးသည် ၄င်းတို့အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည်ကို မကျေမနပ်ဖြစ်ပြီး ပုဂံရှိ အထင်ကရနေရာများတွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
ညောင်ဦးလေဆိပ်၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အာနာန္ဒာနှင့် သဗ္ဗညုပုထိုးတော်များတွင် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများက ဝန်ထမ်း ၁၃ဝ ရှိသည့်အနက် ဝိတ်တာနှင့် သန့်ရှင်းရေး လုပ်သားများထဲမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။
“ကျွန်တော်တို့ ၁၂ယောက် ကို အကြောင်းမဲ့အလုပ်ထုတ်လိုက်လို့ အလုပ်ပြန်ခန့်ဖို့ ဆန္ဒပြတာပါ။ ထုတ်လိုက်တဲ့သူတွေက အလုပ်သမားသမဂ္ဂခေါင်းဆာင်တွေချည်းပါပဲ” ဟု အလုပ်ထုတ်ခံ ရသည့် အလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်း ကပြောသည်။
ဟိုတယ်ဘက်က ၄င်းတို့၏ စီးပွားရေး အခြေအနေအရ ဝန်ထမ်းအင်အား လျှော့ချခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအား နစ်နာကြေးများ ပေးအပ်ခဲ့သည်ဟု ဟိုတယ်မန်နေဂျာ ဦးကျော်ဟိန်းက ပြောသည်။
“ကျွန်တော်တို့က ညှိနှိုင်းမှုလည်း အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ပြည်ထောင်စုအဆင့် အလုပ်သမားဝန်ကြီးဌာနကလည်း ၂၂ရက်နေ့ (တနင်္လာနေ့) က ညောင်ဦးကိုလာပြီး ညှိနှိုင်းပေးတယ် ကျွန်တော်တို့က တစ်ဝက်ပြန်ခန့်မယ်။သူတို့က အကုန်ပြန်ခန့်ခိုင်းတယ် ပြေလည်မှုမရပါဘူး” ဟု ၄င်းက ပြောသည်။
အလုပ်သမားများသည် လက်ရှိတွင် သရပါ ဟိုတယ်ရှေ့တွင် သပိတ်စခန်းဖွင့်ထားသည်မှာ လဝက်ကျော်ရှိနေပြီး အလုပ်ပြန်မရမချင်း ဆန္ဒပြသွားမည်ဟုလည်း ပြောသည်။