သတင်း

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် သရုပ်ပြတင်ဆက်ခဲ့သူ နှစ်ဦးကို ထောင် ၁၅ ရက်ချ

တစ်ကျော့ပြန် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်အထိမ်းအမှတ် သရုပ်ပြတင်ဆက်မှုတွင် ဦးဆောင်ခဲ့သူ နှစ်ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ အရ မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက်စီ ကျခံစေရန် ယနေ့ အမိန့်ချလိုက်သည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ၁၇ နှစ်တိုင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲမှု ကျိုးပျက်ပြီးနောက် တိုက်ပွဲများ တစ်ကျော့ပြန် စတင်ခဲ့သည့် ရှစ်နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်က မြစ်ကြီးနားမြို့ မနောကွင်း၌ ကျင်းပခဲ့ပြီး တေးသရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့လယ်၌ ကချင်လူငယ်များက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၈ ရက် ဆုတောင်းပွဲနှင့် ပတ်သက်၍ တရားမစွဲသော်လည်း ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် သရုပ်ပြတင်ဆက်မှုနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မတောင်း၍ဟုဆိုကာ တာဝန်ခံနှစ်ဦးဖြစ်သည့် မဆိုင်းနူးပန် နှင့် ကိုပေါလုတို့ကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး မင်းသန့်ဇော်က ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား တရားစွဲဆိုပြီး လေးလအကြာတွင် ယင်းသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၁၅ ရက် (သို့) ငွေဒဏ် ကျပ် ၃၀,၀၀၀ ကျခံရန် အမိန့်ချမှတ်ခဲ့သော်လည်း စစ်ရှောင်ပြည်သူများအတွက် သရုပ်ပြတင်ဆက်မှုမှာ အပြစ်တစ်ခု မဟုတ်သောကြောင့် ထောင်ဒဏ်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း ကိုပေါလုက တရားခွင်အပြီးတွင် ပြောကြားသည်။

ကချင်လူငယ်နှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များကို အယူခံတင်သွင်းသွားမည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးမာခါးက ပြောသည်။

“ဒီနေ့ တရားခွင်ကို လာရောက်ကြတဲ့ လူငယ်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျေးဇူးတင်တယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့က မတရားမှုကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြည်သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောချင်ပါတယ်” ဟု ကိုပေါလုက ဆိုသည်။

၎င်းနှင့်အတူ ထောင်ဒဏ်ချခံရသည့် မဆိုင်းနူးပန်ကလည်း ကချင်စစ်ပွဲအထိမ်းအမှတ်သရုပ်ဖော်မှုသည် အစိုးရကို တော်လှန်ခြင်း မဟုတ်သည့်အတွက် အပြစ်မရှိကြောင်း၊ ၎င်းအနေဖြင့် ငွေဒဏ်ဆောင်မည် မဟုတ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဆက်လက်ထုချေသွားမည် ဖြစ်ကြောင်း တရားခွင်အပြီးမှာ ပြောကြားခဲ့သည်။

Show More

Related Articles

Back to top button