
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တချို့အတွက် စစ်တရားရုံးတွင် စစ်ဆေးစီရင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ယမန်နေ့က သတင်းထုတ်ပြန်ချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မည်သည့်ဖြစ်စဉ်ဟု အတိအကျ မဖော်ပြဘဲ “ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့”ဟုသာ ရည်ညွှန်းထားသည့် ကိစ္စများတွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးခဲ့ပြီးနောက် စစ်စည်းကမ်းအရ အရေးယူရန် အခြေအနေပေါ်ပေါက်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အဆိုပါကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများကို နေရာ ငါးနေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်းနှင့် သေဆုံးသူများသည် မည်သူမည်ဝါမှန်းမသိအောင် မျက်နှာများကို အက်ဆစ်လောင်း ဖျက်ဆီးခံထားရသောကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း အမေရိကန်အခြေစိုက် အေပီသတင်းဌာနက ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်က ရေးသားခဲ့သည်။
နောက်တစ်ရက်အကြာတွင် နိုင်ငံတော်သမ္မတရုံးက အေပီ၏စွပ်စွဲချက် မှားယွင်းကြောင်း ကြေညာချက်တစ်စောင်ထုတ်ကာ တုံ့ ပြန်ခဲ့သည်။
“ဒေသခံ ရွာသားများပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် စနစ်တကျ ကွင်းဆင်းစစ်ဆေးခဲ့သည့် ပဏာမစိစစ်ချက်အရ အေပီ၏ရေးသားချက်သည် မှန်ကန်မှုမရှိကြောင်း တွေ့ရှိရသည်” ဟု နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာအစိုးရက အစွန်းရောက်အကြမ်းဖက်ဟု သတ်မှတ်ထားသည့် “အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA)” များနှင့် ဂူတာပြင်ရွာအနီး တိုက်ပွဲဖြစ်ပြီး ၂၀၁၇ ဩဂုတ် ၂၈ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ခဲ့ကြောင်း၊ ARSA နှင့် ၎င်းတို့ကိုထောက်ခံသည့် ရွာသား ၅၀၀ ခန့်ပါဝင်သည့် ယင်းတိုက်ခိုက်မှုအတွင်း ARSA တပ်ဖွဲ့ဝင် အလောင်း ၁၉ လောင်းကို တွေ့ရှိခဲ့ကြောင်း သမ္မတရုံးထုတ်ပြန်ချက်က ဆိုသည်။
ထို့နောက်တွင် သတင်းမှား ရေးသားသည်ဟုဆိုကာ အေပီသတင်းဌာနကို ရခိုင်ပြည်နယ်အစိုးရက တရားစွဲရန် ပြင်ဆင်နေသည်ဟု ၂၀၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ဧရာဝတီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသော်လည်း နောက်ဆက်တွဲ ထပ်မံမကြားသိရပါ။
ထိုသို့ဖြစ်ပြီး တစ်နှစ်ခွဲခန့်ကြာမှ တပ်မတော်ဘက်က ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ဩဂုတ်လ ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့သည်ဟု စာပိုဒ်နှစ်ပိုဒ်သာပါသည့် အဆိုပါ ခပ်တိုတိုထုတ်ပြန်ချက်က ဆိုသည်။ မည်သည့်ရက်စွဲက ပထမအကြိမ် သွားရောက် စစ်ဆေးခဲ့ကြောင်းကိုတော့ ဖော်ပြမထားပါ။
“စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးခဲ့သည့် နှစ်ကြိမ်အတွင်း စစ်ဆေးတွေ့ရှိချက်များအရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့တွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့သဖြင့် စစ်စည်းကမ်းအရ အရေးယူရန် အခြေအနေပေါ်ပေါက်ကြောင်း တွေ့ရှိရသဖြင့် စစ်တရားရုံး (Court- Martial) ဖြင့် ဆက်လက်စစ်ဆေး စီရင်နိုင်ရေး စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း… စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်”ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ARSA က နယ်ခြားစောင့်ရဲကင်းစခန်းများကို အလစ်အငိုက် တိုက်ခိုက်မှုများအပြီး “နယ်မြေရှင်းလင်းရေး” အတွက် တပ်မတော်က ဆောင်ရွက်စဉ် အင်းဒင်ရွာ၌ မွတ်စလင်အမျိုးသား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော ဖြစ်ရပ်ကို သတင်းရေးသားခဲ့သည့် Reuters သတင်းထောက်နှစ်ဦးကို ရဲက ဖမ်းဆီးကာ နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် တရားစွဲခဲ့သည်။
နောက်ပိုင်းတွင် ထိုအင်းဒင်ရွာဖြစ်စဉ် မှန်ကန်သည်ဟု တပ်မတော်ဘက်က ဝန်ခံခဲ့ပြီး ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့သည်ဟု ထုတ်ပြန်သည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကိုမူ အင်းဒင်ရွာဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်မှုဖြင့် စွဲချက်မတင်ဘဲ “နိုင်ငံတော်လျှို့ဝှက်စာရွက်စာတမ်းများ” လက်ဝယ် တွေ့ရှိသည်ဟုဆိုကာ ထောင်ဒဏ် ခုနစ်နှစ်စီ တရားရုံးက အပြစ်ပေးလိုက်ပြီး ယခုနှစ်အစောပိုင်းတွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။
ထို့အတူ အင်းဒင်ရွာဖြစ်စဉ်တွင် ကျူးလွန်ခဲ့မှုဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် တပ်မတော်သားခုနစ်ဦးကိုလည်း ပြစ်ဒဏ် တစ်နှစ်မပြည့်မီ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြန်လွှတ်ပေးခဲ့သည်ဟု Reuters သတင်းဌာနက ယခုနှစ်မေလအတွင်း ရေးသားခဲ့သည်။