
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၈) က ပစ်ခတ်သံများကြားခဲ့ရပြီး စစ်ကောင်စီနှင့် အာဆာ (Arakan Rohingya Salvation Army – ARSA) တို့ တိုက်ပွဲဖြစ်သည်ဟု ယူဆကြောင်း ဒေသခံအချို့က ဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် မြိုတိုင်းရင်းသား ဦးထွန်းလင်း ဆိုသူမှာ ဇန်နဝါရီ ၇ ရက်က ဝါးခုတ်သွားစဉ် အင်အား ၂၀ ဝန်းကျင်ရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ရာ နောက်တစ်ရက် စစ်ကောင်စီက နယ်မြေရှင်းလင်းစဉ် ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသအာဏာပိုင်တစ်ဦးက ပြောသည်။
“မနေ့က နေ့လယ်ပိုင်း သေနတ်သံထွက်ပေါ်ခဲ့တာ ဟုတ်ပါတယ်။ သေနတ်သံ လေးငါးချက်လောက်တော့ ခုံတိုင်ကျေးရွာ အနောက်ဘက်ခြမ်း လဘော်ဝချောင်းဘက်က ကြားလိုက်ရတယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာလား ဘယ်လိုလဲဆိုတာကို အတိအကျမပြောနိုင်ဘူး” ဟု အမည်မဖော်လိုသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည့် အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
လဘော်ချောင်းအတွင်း ဝါးခုတ်နေစဉ် ပစ်ခတ်ခံရ၍ ဘယ်ဘက်ဒူးဆစ်အောက် ကျည်ဆန်ရှပ်ထိဒဏ်ရာဖြင့် မောင်တောဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ ဦးထွန်းလင်းကမူ ထိုနေ့က ပြောက်ကျားဝတ်စုံဝတ်ထားသည့် အာဆာအဖွဲ့ကိုတွေ့၍ ထွက်ပြေးစဉ် ပစ်ခတ်ခံခဲ့ရသည်ဟု ပြောသည်။
“ကျွန်တော်တို့က ဝါးခုတ်နေကြတာပါ။ ဝါးက ရတဲ့သူရ၊ မရတဲ့သူက မရကြသေးဘူး။ ရှာခုတ်နေကြတာ။ အဲဒီအချိန်မှာ အာဆာအဖွဲ့က ဘယ်က ဘယ်က ထွက်လာလဲမသိဘူး။ မြင်တာနဲ့ ပြေးကြတာ။ အဲဒီမှာ အပစ်ခံရတာပါ။ သေနတ်နဲ့ ၆ ချက်လောက်ပစ်တယ်” ဟု ၎င်းက ပြောသည်။
“ဝတ်စုံက ပြောက်ပြောက်ကျားကျားပါ။ နယ်ခြားစောင့်ဝတ်စုံနဲ့လဲ မတူဘူး။ ကျွန်တော်တို့က အနီးကပ်တွေ့တာမဟုတ်ပါဘူး။ ခပ်လှမ်းလှမ်း အဝေးကပါ။ မြင်တာနဲ့ ပြေးကြတာ အဲဒီမှာ ကျွန်တော်တို့ပြေးတာကို သူတို့မြင်လို့ အပစ်ခံရတာ ကျွန်တော့်ခြေကို ထိသွားတယ်”ဟု ဦးထွန်းလင်းက ဆက်ပြောသည်။
ခုံတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှနှင့် ကျေးရွာသားအချို့ကလည်း ဦးထွန်းလင်းကဲ့သို့ပင် ဒေသတွင်းမီဒီယာများသို့ ပြောထားသည်။
ဦးထွန်းလင်းကို ခြေထောက်ဒဏ်ရာရစေခဲ့သည့် သေနတ်ဖြင့်ပစ်ခတ်မှုမှာ ၎င်းတို့လက်ချက် ဟုတ်မဟုတ် အာဆာအဖွဲ့ထံ မေး၍မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ကလည်း ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သေးသည်။
နိုဝင်ဘာလအတွင်းက ပစ်ခတ်မှုအချို့နှင့် ပတ်သက်၍ စစ်ကောင်စီက အာဆာနှင့် တိုက်ပွဲဖြစ်သည်ဟု RFA သတင်းဌာနကို ဖြေကြားခဲ့သော်လည်း စစ်တပ်က နယ်မြေကျူးကျော်ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က Myanmar Now ကို အတည်ပြုထားသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတို့အကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာလဆန်းမှစ၍ နှစ်ဖက်နားလည်မှုဖြင့် ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားခဲ့ကြသည်။
အာဆာအဖွဲ့မှာ ၂၀၁၇ တွင် ရခိုင်ပြည်နယ်၊ မောင်တာမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)