သတင်း

မောင်တောတွင် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဟု AA ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် ယမန်နေ့ (နိုဝင်ဘာ ၉) က စစ်ကောင်စီတပ်နှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ 

“အခုအချိန်ထိတော့ အဲဒီဒေသတစ်ဝိုက်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ ရှိတယ်ဗျာ။ ပြီးတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ကြားခံလူတွေကတစ်ဆင့် ညှိနှိုင်းနေကြတာတွေလည်း ရှိတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

AA တပ်ဖွဲ့ဝင်များနယ်မြေ​သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို လတ်တလောမသိရသေးဟုလည်း ၎င်းက ဆက်ပြောသည်။ 

ရခိုင်ပြည်နယ်တွင် ၂ နှစ်ကျော် အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာလဆန်းမှစ၍ နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။ 

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယမန်နေ့က မောင်တောမြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ARSA အဖွဲ့နှင့်သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RFA သတင်းဌာနသို့ ယနေ့ ပြောထားသည်။

မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ယမန်နေ့ကတည်းက စစ်ကောင်စီတပ်ဘက်မှ လက်နက်အင်အား၊ လူအင်အားများ ထပ်မံအင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ပြောကြပြီး ဒေသတွင်းတိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ 

ယမန်နေ့ ထိတွေ့ပစ်ခတ်ကြစဉ် ၆ မိုင်ခန့် အကွာ၌ တပ်စွဲထားသည့် စစ်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးမှုရှိခဲ့ကြောင်း မင်းခမောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

“မနေ့က မင်းခမောင်းကျေးရွာအနီးတောင်ကုန်းပေါ်ကနေ တိုက်ပွဲဖြစ်တဲ့ဘက်ကို (စစ်တပ်က) လက်နက်ကြီးလေးချက် ထုတယ်။ ဒီနေ့အခြေအနေကတော့ စစ်ကားတစ်စီးနဲ့ လမ်းပေါ်တွေမှာ အသွားအလာလုပ်နေတာ တွေ့တယ်။ အင်အားကတော့ ၁၀ ယောက်လောက် ပါတယ်။ လက်နက်တွေအပြည့် အဆင်သင့်ပုံစံမျိုး တင်ပြီး သွားလာနေတာ”ဟု ထိုသူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောပြသည်။ 

စစ်ကောင်စီနှင့် AA သည် နားလည်မှုသဘောဖြင့်သာ တိုက်ပွဲရပ်စဲထားခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်း၊ မူဘောင်များဖြင့် ရပ်စဲထားခြင်းမဟုတ်ကြောင်း၊ နယ်မြေကျူးကျော်မှု ရှိလာသဖြင့် နှစ်ဖက် စစ်ရေးတင်းမာနိုင်ကြောင်း ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ 

“သူ့ဧရိယာ၊ ကိုယ့်ဧရိယာ သတ်မှတ်ထားတာလည်းမရှိ၊ သူ့တပ်ဖွဲ့ကိုယ့်တပ်ဖွဲ့ နယ်မြေစိုးမိုးထားတာကိုလည်း အသိအမှတ်ပြုတာ မရှိဆိုတော့ ဒီလိုပြဿနာတွေ နောက်လည်းဖြစ်လာနိုင်တယ်” ဟု ဆိုသည်။ 

“သူများနယ်မြေကို သွားပြီး ARSA အဖွဲ့ကို အကြောင်းပြချက်နဲ့ စစ်ဆင်ရေးလုပ်တယ်ဆိုရင် ဟိုကလည်း သူတို့နယ်မြေလုံခြုံရေးအတွက် တိုက်ပွဲဖော်မှာပဲ။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် နားလည်မှုနဲ့ အပစ်ရပ်စဲတဲ့ကာလမှာ ကိုယ့်တပ်တွေဟာ ကိုယ့်နေရာမှာနေတာ အကောင်းဆုံး။ အဲဒီလိုမှ မဟုတ်ရင်တော့ တစ်စတစ်စနဲ့ ရခိုင်ပြည်တစ်ခုလုံး စစ်မီးတောက်သွားနိုင်တယ်”

တိုင်းရင်းသားဒေသ စစ်ရေးဖြစ်စဉ်များအကြောင်း လေ့လာနေသည့် ဦးမောင်မောင်စိုးကလည်း အလားတူသုံးသပ်သည်။

“အပစ်ရပ်ထားသောစစ်မြေပြင်တွင် တစ်နေရာရာတွင် တိုက်ပွဲဖြစ်ပွားသည်နှင့် ဒေသအားလုံးရှိ တပ်အားလုံးကို အသင့်အနေအထားသို့ တပ်လှန့်ထားသည်ဖြစ်ရာ ညှိနှိုင်းမရပါက ထိုတစ်နေရာတည်းတွင် တိုက်ပွဲဖြစ်ပွားနေမည်မဟုတ်ဘဲ စစ်ပွဲသည် ရခိုင်ပြည်နယ်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပေသည်” ဟု ဦးမောင်မောင်စိုးက Facebook တွင် ယနေ့ နံနက်ပိုင်းက ရေးသားခဲ့သည်။

တိုက်ပွဲရပ်နေသည့် ကာလများတွင် AA သည် ပြည်နယ်အတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများ ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး AA နှင့် မပတ်သက်ရန် သတိပေးခဲ့သည်။

ယမန်နေ့က တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည့် ARSA သည် ၂၀၁၇၊ ဩဂုတ်တွင် ARSA (အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်) ဟု အမည်ပေးထားသည့်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရှိ နယ်ခြားစောင့်ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် စစ်တပ်က ဒေသတစ်ခုလုံး နယ်မြေရှင်းလင်းရေးလုပ်ခဲ့သောကြောင့် ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်သိန်းချီ၍ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ကြပြီး မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button