
ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်တစ်လုံး၏ ဘားဆိုင်တွင် ပစ္စတိုသေနတ်တစ်လက် တွေ့ရှိသည့်အမှုတွင် တရားလို ဒုရဲမှူးကို ရှေ့လ ၆ ရက် (သောကြာနေ့) တွင် စတင်စစ်ဆေးမည်ဟု လှိုင်မြို့နယ် တရားသူကြီးက ယနေ့ တရားခွင်တွင် ပြောသည်။
မြို့နယ်တရားသူကြီး၊ တရားလိုရှေ့နေနှင့် တရားခံရှေ့နေများက မှုခင်းကြိုတင်ညှိနှိုင်း အစည်းအဝေးကို လှိုင်မြို့နယ်တရားရုံးတွင် ယနေ့ပြုလုပ်ခဲ့ကြပြီးနောက် တရားလိုဖြစ်သူ ဒုတိယရဲမှူးကို စတင်စစ်ဆေးမည့် နေ့ရက်ကို လှိုင်မြို့နယ်တရားသူကြီးက သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း တရားခံရှေ့နေများကဆိုသည်။
လှိုင်မြို့နယ် ပြည်လမ်း၊ အင်းလျားကန်ပေါင်အနီး Lotte Hotel ၁၃ လွှာရှိ Char Lotte Bar ၌ သြဂုတ်လ ၄ ရက်နေ့ ည ၈ နာရီကျော်က စားပွဲဝိုင်းတစ်ဝိုင်းတွင် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းစားပွဲတွင် ထိုင်သွားသည့် မသင်္ကာဖွယ်ရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ – က ဖြင့် ယနေ့ လှိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စွပ်စွဲခံထားရသူသုံးဦးမှာ ဗဟန်းရွှေတောင်ကြားနေ အသက် ၂၈ နှစ်စီ ရှိကြသည့် ကိုထူးမြတ်(ခ) ထူးမြတ်အောင်နှင့် ကိုမင်းနိုင်ဦး၊ အသက် ၂၆ နှစ်ရှိ ကိုဟိန်းထက်ဇော်တို့ သုံးဦးဖြစ်ပြီး CCTV မှတ်တမ်းများအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ တူရကီနိုင်ငံလုပ် အနက်ရောင်ပစ္စတို သေနတ်နှင့် ကျည်ဆန်ငါးတောင့်မှာ ဗဟန်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်တွင် နေထိုင်သည့် ထူးမြတ်(ခ)ထူးမြတ်အောင်က ယူဆောင်ခဲ့ခြင်းဖြစ်ပြီး ပစ္စတိုသေနတ်ရှိ လက်ဗွေရာများနှင့်CCTV မှတ်တမ်းများကို စစ်ချက်ယူနေကြောင်း ရဲက ထုတ်ပြန်ထားသည်။
“လောလောဆယ်ကတော့ စွပ်စွဲထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ သူတို့ ပစ္စည်းဟုတ်၊ မဟုတ်။ သူတို့ ကိုင်ဆောင်တာ ဟုတ်မဟုတ်။ ဒါကတော့ အသေးစိတ် စစ်ဆေးပြီးမှ သိရမှာဖြစ်ပါ တယ်” ဟု ကိုဟိန်းထက်ဇော်၏ ရှေ့နေ ဦးထွန်းထွန်းနိုင်က ပြောသည်။
လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။
ယင်းသို့ပင် ပြီးခဲ့သည့် နှစ် အောက်တိုဘာလကလည်း လှည်းကူးမြို့ ရဲတံခွန် ကားလက်မှတ် အရောင်းဆိုင်တွင် တပ်ကြပ်ကြီး အောင်မြတ်သူအမည်ပါ သံသေတ္တာနှစ်လုံးမှ သေနတ် ကျည်ဆန် တစ်သောင်းနီးပါးကို ရှာဖွေဖမ်းဆီးမိခဲ့ပြီး အမှုဖြင့် ဆက်စပ်သူဟု ယူဆရသူ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဇော်ဇော်ထက်လူကို လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် တရားစွဲဆိုထားသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလကလည်း နေပြည်တော် လေဆိပ်တွင် ACE ဟိုတယ်ပိုင်ရှင်လည်းဖြစ်၊ ယခင် ဟိုတယ်နှင့်ခရီးဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားလည်းဖြစ်သည့် ဦးဖြိုးကိုကိုတင့်ဆန်းကို ပစ္စတိုသေနတ် ၂ လက် ၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများနှင့် စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်း၏ ရုံးခွဲနှင့် နေအိမ်တွင်လည်း လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ် စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ရပြီး လက်နက်ဥပဒေ ပုဒ်မ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂ ခု၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။