
မန္တလေးတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် အငြိမ်းစားကျောင်းဆရာမတစ်ယောက်၏ဖခင် ကိုင်ဆောင်ခဲ့သည့် သေနတ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဆရာမအပါအဝင် ခြောက်ဦးကို လက်နက်မှုဖြင့် အမှုဖွင့်ထားသည်ဟု တိုင်းဒေကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လဝက(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား)အရာရှိ ဖြစ်ခဲ့သည့် ကျောင်းဆရာမ၏ဖခင် ကိုင်ဆောင်ခဲ့သည့် ခြောက်လုံးပြူးသေနတ်ဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးနောက် လွှင့်ပစ်ရန် တပည့်ဖြစ်သူကို စေခိုင်းခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောသည်။
“အငြိမ်းစားကျောင်းဆရာမကတော့ သူ့အဖေ တာဝန်ထမ်းဆောင်စဉ်က ကိုင်ခဲ့တဲ့သေနတ်လို့ ပြောပါတယ်။ သူ့အဖေကလည်း ဆုံးပါးသွားပြီ။ ဆရာမမှာက သေနတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း ဘာမှ မပြနိုင်ဘူး။ သူ့တပည့်ကို လွှင့်ပစ်ပါဆိုပြီး ခိုင်းခဲ့တာမှာ ဆက်လက်ပြီးတော့ အသုံးပြုနေတဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ တပည့်ဖြစ်သူမှာ အသက် ၁၈ နှစ် အရွယ်ခန့်ရှိပြီး ပစ်ခတ်သူနှင့် သူငယ်ချင်းဖြစ်ကာ ၎င်းမှတဆင့် သေနတ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် ဇွန် ၂၇ ရက် ည ရှစ်နာရီခွဲခန့်အချိန်က မန္တလေး အောင်မြေသာစံမြို့နယ် ၊ ကျုံးမြို့ရိုးအနောက်တောင်ထောင့် မီးပွိုင့်တွင် မီးပွိုင့်ရပ်စောင့်နေသည့် လူငယ်စုံတွဲကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးကြီး မောင်မောင်အေးက ပြောသည်။
“အရေးယူခံရမလားဆိုတော့ ဓားတောင်မှ ကိုင်ရင် ၁၉-င နဲ့ အရေးယူခံရတယ်လေ။ သေနတ်ကလည်း ကိုင်လို့မရဘူးလေ။ ဘယ်လိုအရေးယူခံရမလဲဆိုတော့ ကိုင်ခွင့်မရှိတဲ့သေနတ်ကို သူကိုင်တယ်၊ သူ့တပည့်ကို ပေးလိုက်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေအကြံတောင်းပြီးတော့ မြောက်တဲ့ပုဒ်မနဲ့ ဆက်ပြီးတော့ အရေးယူမှာဖြစ်ပါတယ်” ဟု ရဲမှူးကြီး မောင်မောင်အေးက ပြောသည်။
လက်ရှိတွင် အငြိမ်းစားကျောင်းဆရာမ အပါအဝင် စုစုပေါင်းခြောက်ဦးကို လက်နက်မှု ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ထားပြီး သေနတ်ပစ်မှုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆ တို့အရ အမှုဖွင့်ထားသည်။
သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး သမီးရည်းစားပြဿနာဟု ရဲတပ်ဖွဲ့က ပြောဆိုထားပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရခြင်း ဖြစ်သည်။
သေနတ်ဖြင့် ပစ်ခံရသူ အမျိုးသား၏ ဝဲဘက်နံဘေး(ဘယ်ဘက်ဝမ်းဗိုက်အပေါ်ပိုင်း)တွင် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။ အမှုနှင့်ပတ်သက်သည်ဟု ယူဆရသည့် ဝေယံကျော်အပါအဝင် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ပြီး အသုံးပြုခဲ့သည့် ခြောက်လုံးပြူးသေနတ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ သေနတ်သည် တရားဝင်ကိုင်ဆောင်ခွင့်ရှိသည့် သေနတ် ဟုတ်၊မဟုတ် ယင်းဆရာမ၏ ဖခင် ကွယ်လွန်သွားသည့်အတွက် မသိရှိရကြောင်း မန္တလေးရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။