နေပြည်တော်တွင် ဖမ်းဆီးရမိသည့် တရားမဝင် လက်နက်များသည် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးနှင့် သက်ဆိုင်မည်ဟု မယူဆကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က အောက်တိုဘာ ၁၆ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။
နေပြည်တော်လေဆိပ်တွင် ရန်ကုန်သို့သွားမည့် ခရီးသည် ၃ ဦးထံမှ လက်နက်များ ဖမ်းဆီးရမိပြီး နောက်တစ်နေ့တွင် ရဲမှူးကြီးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“အစ်မကြီးရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့တော့ ဒါက သိပ်မသက်ဆိုင်ဘူး ထင်တယ်။ ကျွန်တော်တို့က အဲဒီ လုံခြုံရေးခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှ (စိုးရိမ်)စရာ မရှိဘူး၊ ကွန်တော်တို့ အပြည့်အဝ တာဝန်ယူထားပါတယ်၊ ပြဿနာ မရှိပါဘူး” ဟု ရဲမှူးကြီး ဇော်ခင်အောင် ကပြောသည်။
ပစ္စတို စုစုပေါင်း ၉ လက်
နေပြည်တော်တွင် ၎င်းတို့ထံမှ သိမ်းဆည့်ရမိသည့် လက်နက်ငယ် ၉ လက်၊ ကျည်ဆန် ၉ဝဝ နီးပါး ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ တွင် သတင်းထုတ်ပြန်သည်။
လေဆိပ်တွင် ရှာဖွေစဉ် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းထံမှ ၂ လက် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ၎င်းတို့ တည်းခိုသည့် ဟိုတယ်ခန်းများကို သွားရောက် ရှာဖွေရာ ACE လုပ်ငန်းစု ကုမ္ပဏီ ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း၏ အခန်းတွင်းမှ ၅ လက်၊ ACE ရုံးအဖွဲ့ဝင်များဖြစ်သည့် ဇော်ဝင်းထိုက်နှင့် ရဲမင်းဆွေတို့၏ အခန်းတွင်းမှ ၂ လက် သိမ်းဆည်းရမိသည်ဟု ဆိုသည်။
ရဲမှူးကြီးဇော်ခင်အောင်က နေပြည်တော်ခရိုင်အတွင်း တရားမဝင် လက်နက် အရေအတွက် အများဆုံး တွေ့ရှိရခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။
ဖြိုးကိုကိုတင့်ဆန်းသည် ယခင်အစိုးရအဖွဲ့မှ ဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရာ ရှုံးနိမ့်ခဲ့သည်။ နေပြည်တော် FC ဘောလုံးအသင်းပိုင်ရှင်လည်း ဖြစ်သည်။
ရန်ကုန်ရှိ ၎င်း၏ရုံးခန်းကို ရှာဖွေသည်ဟူသောသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအဆင့် ရဲအရာရှိတချို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိသေးပေ။
လက်နက်ကိုင်ဆောင်ခွင့်
လုံခြုံရေးတင်းကျပ်သည့် နေပြည်တော်လေဆိပ်မှ ဖြတ်သန်း ခရီးထွက်စဉ် မည်သည့်အတွက်ကြောင့် လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ကြောင်း မသိရသေးပေ။
အရပ်သားများ လက်နက် တရားဝင်ကိုင်ဆောင်ခွင့် မရှိကြောင်း ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
“ လောလောဆယ်တော့ ကျွန်တော်တို့က စိစစ်နေတယ်။ ဒါပေမဲ့ (လက်နက်ကိုင်ဆောင်ခွင့်) ပါမစ်တို့ ဘာတို့ ပေးထားတာတော့ မရှိဘူး” ဟု ရဲမှူးကြီးက ပြောသည်။
ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်ကလည်း လက်နက်ကိုင်ဆောင်ခွင့် ဥပဒေများကို ၁၉၉၂ ခုနှစ် နောက်ပိုင်း ကာလများကတည်းက ဖျက်သိမ်းပြီးဖြစ်ကြောင်း ပြောသည်။
“တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရှိတယ်ဆိုရင်တောင်မှ ခရီးသွားရင် ဥပမာ မြို့နယ် တစ်ခုတည်းမှာ သွားနေတယ် ဆိုရင်တော့ ပြဿနာမရှိဘူး၊ သူ့ရဲ့ မြို့နယ်ကို ကျော်လွန်ပြီး ခရီးသွားမယ်ဆိုရင် သေနတ်နဲ့ ကျည်ဆန်တွေကို သယ်ယူသွားမယ်ဆိုရင် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့် တောင်းရတယ်။ အမဲပစ်လိုင်စင်နဲ့ ကိုင်တဲ့သူတွေဆိုရင် စာနဲ့ တရားဝင်တောင်းရတယ်” ဟု ထောင်မှူးကြီးဟောင်းတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
NCA စာချုပ် နှစ်လည်နေ့
နေပြည်တော်ခရိုင်အတွင်း လက်နက် အမြောက်အမြား ဖမ်းဆီးမိသည့်အချိန်သည် နေပြည်တော်တွင် NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် ၂ နှစ်ပြည့် အခမ်းအနား ပြုလုပ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
စာချုပ် နှစ်လည် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။
မူးယစ်ဆေး အနည်းငယ် ဖမ်းမိ
နေပြည်တော်လေဆိပ် စစ်ဆေးမှုတွင် ဖြိုးကိုကိုတင့်ဆန်း၏ ကျောပိုးအိတ်အတွင်းမှ WY စိတ်ကြွဆေး ၁၂ ပြား၊ ICE မူးယစ်ဆေး ၁.၅ ဂရမ် သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးမှုဖြင့် စစ်ဆေး အရေးယူထားသည်ဟု ပြည်ထဲရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။