သတင်း

ထောက်ခံသူများ လက်နက် တရားဝင်ကိုင်ခွင့်ရရန် စစ်ကောင်စီလမ်းဖွင့်ပေး

မကြာသေးမီက စစ်ကောင်စီ ထုတ်ပြန်သည့် လက်နက်ကိုင်ဆောင်ခွင့်မူသည် ယင်းကို ထောက်ခံသည့် အရပ်သားများ၊ ပျူစောထီးများကို လက်နက် တရားဝင်ကိုင်ဆောင်ခွင့်ပေးလိုက်ပြီး တော်လှန်အင်အားစုများကို တန်ပြန်တိုက်ခိုက်နိုင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ရခြင်းမှာ ၎င်းတို့ကို ထောက်ခံသူများကို စိတ်ဓာတ်ခွန်အားပေးရန်နှင့် ဒီမိုကရေစီဘက်တော်သားများကို လက်နက်ဖြင့် ခြိမ်းခြောက်ရန် ဖြစ်သည်ဟု နာမည်ကျော်ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်သည်။

“သူတို့မနိုင်တော့ဘူး၊ သူတို့တရားဥပဒေစိုးမိုးရေး မနိုင်တော့ဘူး၊ ဒါကြောင့်မို့လို့ စကစကို ဝိုင်းပြီး ကာကွယ်ပေးကြပါ ဆိုပြီးတော့ ပျူစောထီးတွေ၊ မျိုးချစ်ရဲဘော်ဟောင်းတွေ၊ ဘုန်းကြီးတွေကိုပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်တပ်ထောက်ခံသူ ဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးကာ မြို့စောင့်တပ်များအဖြစ် အသုံးပြုမည့် အလားအလာများ မြင်တွေ့နေရသည်ဟုလည်း သူက ဆက်ပြောသည်။

“အခုဟာက စစ်တပ်က သူတို့ကိုယ်တိုင်က ကြီးကြပ်ပြီးတော့ ဝန်ထမ်းတွေကို မြို့စောင့်တပ်တွေ လုပ်ဖို့၊ လိုအပ်လာရင်လည်း ရှေ့တန်းပို့ဖို့ပေါ့” ဟု ပြောသည်။

လက်နက်များကို တရားဥပဒေစိုးမိုးရေးအတွက် ဒေသအလိုက် တရားဝင်ဖွဲ့စည်းထားသည့် လုံခြုံရေးအဖွဲ့အစည်းများ၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့စစ်အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်အမည်ဖြင့် ဇန်နဝါရီ ၃၁ ရက် ရက်စွဲတပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ဗိုလ်ချုပ်များက ၎င်းတို့ကို ထောက်ခံသည့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားပြီး ဖြစ်ပြီး ထိုလက်နက်များ တရားဝင်မှုရရှိစေရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်တွေက ဒီဥပဒေမထုတ်ခင်ကတည်းက တပ်ပေးပြီးသားပါ။ ကျွန်တော်တို့ သိရသလောက်ဆိုရင်တော့ တော်တော်များများ တပ်ပေးထားတယ်။ သူတို့ ထုတ်ပြီးသား ဟာတွေကို လက်နက်တွေကို တရားဝင်ထုတ်ပေးလို့ရတဲ့ ဆိုတဲ့အချက်မျိုးဖြစ်အောင် လုပ်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ရေးအရ ရှုံးနိမ့်တော့မည့် အခြေအနေတွင် လက်နက်ထုတ်ပေးကာ ပြည်သူအချင်းချင်း တိုက်ခိုက်ခိုင်းသည့် ယုတ်မာညစ်ပတ်သည့် လုပ်ရပ်ကို အသုံးပြုလာခြင်းဖြစ်သည်ဟုလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“သူတို့ အင်အားမလောက်လို့ အရန်အင်အားပေါ့၊ ပြည်သူတွေကိုပဲ ပြန်ပြီးတော့ လူသားဒိုင်း လုပ်လိုက်တာပေါ့နော်။ လူသားဒိုင်း လုပ်လိုက်တဲ့ အချိန်မှာ လက်နက်တပ်ပြီးသား အနေအထားမျိုး လုပ်လိုက်တာပေါ့” ဟု ပြောသည်။

စာမျက်နှာ ၁၅ မျက်နှာပါရှိပြီး အခန်း (၁၃) ခန်း၊ ပုဒ်မ ၃၄ ခု ပါဝင်သည့် လက်နက်ကိုင်ခွင့်မူတွင် ပြည်ထောင်စုအစိုးရ အစည်းအဝေးသဘောတူညီချက်ဖြင့် ၁၉၇၇ လက်နက်ကိုင်ဆောင်ရေးမူကို ပြန်လည် စိစစ်၊ ဖြည့်စွက် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပါရှိသည်။

အခန်း (၃)တွင် လိုင်စင်ဖြင့် ကိုင်ဆောင်သည့် လက်နက်ခဲယမ်းအမျိုးအစားနှင့် ပါမစ်ဖြင့် ကိုင်ဆောင်သည့် လက်နက်ခဲယမ်းအမျိုးအစားဟူ၍ ခွဲခြားထားသည်။

ပါမစ်ဖြင့် ကိုင်ဆောင်ရမည့် လက်နက်အမျိုးအစားများတွင် ရိုင်ဖယ်နှင့် စက်သေနတ်များ ပါဝင်ပြီး နိုင်ငံတော်ပိုင်သေနတ်အဖြစ် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် မှတ်ပုံတင် ထားရှိရမည်ဖြစ်သည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို သတင်းစာရှင်းလင်းပွဲများတွင် ပြည်သူလူထုက တောင်းဆိုလာ၍ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်) တွင် BBC သတင်းဌာနကို ပြောဆိုထားသည်။

နိုင်ငံရေးနှင့် မသက်ဆိုင်သူများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို PDF အမည်ခံအဖွဲ့က လုပ်ကြံသတ်ဖြတ်နေ၍ ခုခံကာကွယ်နိုင်ရန်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့များ တရားဝင်ကိုင်ဆောင်ခွင့်ရရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC ကို ပြောသည်။

ယခု လက်နက်ကိုင်ခွင့်မူအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းနေသည့် ဝန်ထမ်းများကိုပင် စစ်တိုက်ခိုင်းမည့် အခြေအနေဖြစ်ပေါ်လာနိုင်သည်ဟု CDM တွင် ပါဝင်သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက ဆရာမတစ်ဦးကပြောသည်။

“တစ်နေ့ စစ်တိုက်ခိုင်းလိမ့်မယ်လို့ ကျွန်မတို့ ပြောခဲ့သလိုပါပဲ။ ဝန်ထမ်းမှန်ရင် ဖောင်ကြီးမှာ လက်နက်ကိုင်သင်တန်း တက်ဖူးပြီးသားပဲဆိုတော့ လက်နက်တပ်ဆင်ပေးလိုက်ယုံပါပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်နက်ကိုင်ခွင့်မူ ပုဒ်မ ၉ အရ “အဖွဲ့အစည်း” များသည်လည်း လက်နက်ကိုင်ခွင့် လျှောက်ထားနိုင်သည်ဖြစ်ရာ စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် အရပ်ဘက်အဖွဲ့အစည်းများအတွက် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း နိုင်ငံရေးဆောင်းပါးရှင် သုတဇော်က သုံးသပ်သည်။

“အမျိုးသားရေး မဘသ၊ YMBA နဲ့ စစ်တပ်ထောက်ခံတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး အကျုံးဝင်သွားစေတယ်။ တစ်နည်းအားဖြင့် အဲဒီအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ ဒီဥပဒေက လမ်းဖွင့်ပေးတာပဲ ဖြစ်တယ်” ဟု သုတဇော်က ဆိုသည်။

ထို့အပြင် အခန်း ၈ ၊ ပုဒ်မ ၁၈ တွင် ပြည်ပမှ လက်နက်တင်သွင်းခွင့်နှင့် ပြည်တွင်း၌ တရားဝင်ရောင်းချခွင့်ကို လိုင်စင်လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် လက်နက်အရောင်းအဝယ်ဈေးကွက် ပေါ်ထွက်လာနိုင်ပြီး စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် လက်နက်ရောင်းဝယ်လိုင်စင်ရ ကုမ္ပဏီများ ပေါ်ပေါက်လာနိုင်ကြောင်းလည်း သုတဇော်က သုံးသပ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button