သတင်း

စစ်အာဏာသိမ်းပြီး လပိုင်းအတွင်း ဖြိုးကိုကိုတင့်ဆန်းကို ပြန်လွှတ်ပေးခဲ့ 

လက်နက်မှု၊ မူးယစ်ဆေးဝါးမှု အပါအဝင် အမှုပေါင်း ၁၄ ခုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံ ထားရသည့် ဖြိုးကိုကိုတင့်ဆန်းကို အာဏာသိမ်းပြီး လပိုင်းအတွင်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ 

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ACE ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ထောင်ဒဏ် နှစ်ပေါင်း ၃၀ နှင့် ၇ လ ချမှတ်ခံရခြင်းဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနှစ်လအကြာ ၂၀၂၁ ဧပြီလတွင် လွတ်မြောက်လာ ခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေက Myanmar Now ကို ပြောသည်။

“မနှစ်က သင်္ကြန်ပဲ၊ နှစ်ဆန်းတစ်ရက် ထင်တာပဲ” ဟု ဖြိုးကိုကိုတင့်ဆန်းအမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးခင်အောင်က ပြောသည်။ 

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/သူ  ၂၃,၀၄၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

အမှုပေါင်း ၁၄ မှုဖြင့် ထောင်ဒဏ်နှစ်ပေါင်း ၃၀ ကျော် ချမှတ်ခံရသူ ဖြိုးကိုကိုတင့်ဆန်းမှာ အကျဉ်း ထောင်၌ တစ်နှစ်ကျော်ခန့်သာ နေခဲ့ရသည်။

ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချမှတ်ပြီးနောက် မန္တလေးအိုးဘိုထောင် အပို့ခံရသူ ဖြိုးကိုကိုတင့်ဆန်းမှာ မည်သည့်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ကို မသိရပေ။ 

နေပြည်တော်ရှိ Ace ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းက “သူငယ်ချင်းတို့ရေ…ဒီနေ့ကစပြီး ဒီအကောင့်ကို ငါသုံးနေပြီ” ဟု ရေးသားကာ ၎င်းတို့မိသားစုဓာတ်ပုံဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် ယခုလ ၃၀ ရက်က ရေးတင်ထားသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ဖြိုးကိုကိုတင့်ဆန်း၏ အဆိုပါ Facebook အကောင့်ကို မတွေ့ရတော့ပေ။ 

ဇွန်လကုန်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဖြိုးကိုကိုတင့်ဆန်း မိသားစု ဓာတ်ပုံ

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ်ခရီးဝန်ကြီးဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့သူ ဦးတင့်ဆန်း၏ သား ဖြိုးကိုကိုတင့်ဆန်းမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်လေဆိပ်တွင် ဖမ်း ဆီးခံရခြင်းဖြစ်ကာ မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ခဲယမ်း အများအပြားလည်း နောက်ဆက်တွဲ ရှားဖွေဖမ်းဆီးရမိခဲ့သည်။ 

ရန်ကုန်နှင့် နေပြည်တော်ရှိ ၎င်းပိုင်အဆောက်အအုံများတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း များအပြင် ဆက်သွယ် ရေးစက်များ၊ လုံခြုံရေးတပ်ဖွဲ့သုံး ပစ္စည်းများ၊ အဆောင်အယောင်များ၊ နိုင်ငံတော်အဆင့် အမှတ်တံဆိပ်များကို ရဲတပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

၂၀၁၈ နှစ်ဆန်းပိုင်းတွင် ဖြိုးကိုကိုတင့်ဆန်းကို ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေ၊ လက်နက်များအက်ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပါ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ်နှစ် ၃၀ နှင့် ၇ လ၊ အမှုတွင် ပါဝင်ပတ်သက်နေသည့် ACE ဟိုတယ်ဝန်ထမ်း ရန်အောင်စိုးကို ထောင်ဒဏ် ၁၈ နှစ်၊ မူးယစ်ဆေးဝယ်ပေးသူဟု ရဲအရာရှိများထွက် ဆိုကြသည့် မြတ်လင်းမိုးကို ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးခံရသည့် ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက် ဆိုသူတို့မှာ ထောင်ဒဏ် ၈ နှစ် ၇ လစီချမှတ်ခံရပြီး ထောင်ဒဏ် ၅ နှစ်နှင့်အောက် ပြစ်ဒဏ်ချခံရသူ သုံးဦးလည်းရှိသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ ထောင်ဒဏ်ချမှတ်ခံရသူ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုမူ မသိရပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button