သတင်း

ဖြိုးကိုကိုတင့်ဆန်းနှင့် အမှုတွဲများ ပြစ်ဒဏ်အပေါ် အယူခံတက်မည်

နေပြည်တော်လေဆိပ်တွင် လက်နက်၊ မူးယစ်ဆေးမိသည်မှစ၍ အမှုပေါင်း ၁၄ ခုဖြင့် ရင်ဆိုင်ခဲ့ရသည့် ဖြိုးကိုကိုတင့်ဆန်းနှင့် အမှုတွဲများကို ဒက္ခိဏခရိုင်တရားရုံးက မတ် ၃၀ တွင် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်မည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေနှင့် မိသားစုဝင်များက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအပါအဝင် လူပေါင်း ၁၂ ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ လက်နက်များအက်ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့မှ ပုဒ်မ ၁၀ ခု၊ အမှုပေါင်း ၁၄ ခုတို့ဖြင့် တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အမှုပေါင်း ၁၄ ခုစလုံးနှင့် ပတ်သက်သည့် ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ်နှစ် ၃၀ နှင့် ၇ လ၊ ဖြိုးကိုကိုတင့်ဆန်းမိသားစုလုပ်ငန်းဖြစ်သော Hotel ACE ဝန်ထမ်း ရန်အောင်စိုးကို ထောင်ဒဏ် ၁၈ နှစ်၊ မူးယစ်ဆေးဝယ်ပေးသူဟု ရဲအရာရှိများထွက်ဆိုကြသည့် မြတ်လင်းမိုးကို ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးခံရသည့် ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့မှာမူ ထောင်ဒဏ် ၈ နှစ် ၇ လစီ ကျခံရမည်ဖြစ်ပြီး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုများဖြင့် ထောင်ဒဏ် ၅ နှစ်နှင့်အောက် ပြစ်ဒဏ်ချခံရသူ သုံးဦးရှိခဲ့သည်။

 
 

ပြစ်ဒဏ်ထက် ချုပ်ရက်ကျော်လွန်နေသူ သုံးဦး၊ ဆက်သွယ်ရေးဥပဒေနှင့် အာမခံဖြင့် တရားရင်ဆိုင်နေရပြီးနောက် ငွေဒဏ်ကျပ်ငါးသိန်းပေးဆောင်သူ အမျိုးသမီးတစ်ဦးတို့မှာမူ ယမန်နေ့တရားခွင်အပြီး လွတ်မြောက်သွားသည်။

အမိန့်ချမှတ်အပြီး ဖြိုးကိုကိုတင့်ဆန်းကို ပြုံးရွှင်စွာတွေ့ရသော်လည်း ၎င်း၏ရှေ့နေက တရားခွင်မှ ပြန်အထွက်တွင် သူ၏အမှုသည်မှာ အယူခံဝင်မည်ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ‘တရားခံတွေဘက်က ဥပဒေအရ ခံစားခွင့်ရှိတာအားလုံး ကျွန်တော်တို့ ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်’ဟုလည်းဆိုသည်။

နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ ဖမ်းဆီးခံရသည့် မြားပစ်လက်ရွေးစင်ဟောင်းများဖြစ်သော ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့၏ ဇနီးများကလည်း ၎င်းတို့၏ခင်ပွန်းသည်များသည် ပြစ်မှုကျူးလွန်ဖူးခြင်းမရှိသော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်ခြင်း၊ ပြစ်ဒဏ်မှာ တရားမျှတမှုမရှိဟု ယုံကြည်ခြင်းတို့ကြောင့် အယူခံတက်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြောကြသည်။

“လေဆိပ်ကိုလည်း ပါမသွားဘဲနဲ့ အမိန့်ချခံခဲ့ရတယ်”ဟု ထောင်ဒဏ်၁၈နှစ်ကျခံရမည့် ရန်အောင်စိုး၏ ဇနီးသည်ကဆိုပြီး အယူခံဆက်တက်မည်ဟု ပြောသည်။

‘တွေ့ရှိချက်တွေအတိုင်း အမိန့်ချမှာပါ၊ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။ မကျေနပ်တဲ့သူ အထက်တရားရုံးကို အယူခံများ ဝင်ရောက်နိုင်ပါတယ်’ဟု ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က အမိန့်မချမီ ပြောဆိုသည်။

ထို့အတူ အမှုနှင့်ပတ်သက်၍ လက်နက်၊ မူးယစ်ဆေး၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဒရုန်းများ၊ အဆောင်အယောင်တံဆိပ်များမှအပ သိမ်းဆည်းထားသည့်ပစ္စည်း တစ်စုံတစ်ရာမရှိတော့ဘဲ Hummer ယာဉ်လေးစီးကိုလည်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးကြောင်း ဒုတိယခရိုင်တရားသူကြီး ဦးကြည်မင်းစိုးက အတည်ပြုပြောဆိုသည်။

တရားခွင်အပြီးတွင် ၁၀ နှစ်အထက် ထောင်ဒဏ်ကျခံရသည့် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် သုံးဦးကို မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ပြီး ကျန်သူများကို ရမည်းသင်းအကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းမှာ ယခင်အစိုးရလက်ထက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်ပြီး ၂၀၁၇ အောက်တိုဘာ ၁၅ တွင် နေပြည်တော်လေဆိပ်၌ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့နှင့်အတူ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခြင်းကြောင့် ဖမ်းဆီးခဲ့ကြောင်း ထိုစဉ်က ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ဆက်စပ်ဖော်ထုတ်မှုအရ ရန်ကုန်၊ နေပြည်တော်ရှိ ၎င်းနှင့်သက်ဆိုင်သည့် နေရာအချို့တွင် လက်နက်၊ မူးယစ်ဆေး၊ ဆက်သွယ်ရေးစက်၊ လုံခြုံရေးတပ်ဖွဲ့သုံး ပစ္စည်းများ၊ အဆောင်အယောင်များ၊ နိုင်ငံတော်အထိမ်းအမှတ်ကဲ့သို့သော အမှတ်တံဆိပ်နှင့်စာသားများ ထပ်မံသိမ်းဆည်းရမိခဲ့၍ ရဲတပ်ဖွဲ့က နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး၌ ၂၀၁၈ ဇန်နဝါရီလကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button