လက်နက်၊ မူးယစ်ဆေးတို့နှင့်အတူ လွန်ခဲ့သည့်နှစ်နှစ်ကျော်က နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းအမှုကို ထူးခြားသည့် အကြောင်းတစ်စုံတစ်ရာမရှိပါက မတ် ၃၀ တွင် အမိန့်ချမည်ဟု ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က ယနေ့တရားခွင်တွင် ပြောသည်။
ယခင်အစိုးရလက်ထက် ဟိုတယ်၊ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းကို ၂၀၁၇ အောက်တိုဘာ ၁၅ တွင် နေပြည်တော် လေဆိပ်၌ ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုစဉ်က ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနောက် ရဲတပ်ဖွဲ့၏ ဆက်စပ်ဖော်ထုတ်မှုအရ ရန်ကုန်၊ နေပြည်တော်ရှိ ၎င်းနှင့်သက်ဆိုင်သည့် နေရာအချို့တွင် လက်နက်၊ မူးယစ်ဆေး၊ ဆက်သွယ်ရေးစက်၊ လုံခြုံရေးတပ်ဖွဲ့သုံး ပစ္စည်းများ၊ အဆောင်အယောင်များ၊ နိုင်ငံတော်အထိမ်း အမှတ်ကဲ့သို့သော အမှတ်တံဆိပ်နှင့်စာသားများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ယင်းကြောင့် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၁၂ ဦးကို နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် ၂၀၁၈ ဇန်နဝါရီကတည်းက စတင်စစ်ဆေးနေခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လက်နက်များ အက်ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေများမှ ပုဒ်မ ၁၀ ခုဖြင့် အမှုပေါင်း ၁၄ ခု ခွဲခြားဖွင့်လှစ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းကို စွဲဆိုထားသည့် အမှု ၁၄ ခုတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)မှာ အမြင့်ဆုံး ပုဒ်မဖြစ်ပြီး၊ အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မလည်းဖြစ်သည်။
ယင်းအမှုမှာ အချိန် ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး အမှုစစ်ဆေးသည့်ကာလ ကြာမြင့်ရခြင်းမှာ တရားလို၊ တရားခံပြသက်သေ စုစုပေါင်း ၄၀၉ ဦးကို စစ်ဆေးခဲ့ရ၍သာဖြစ်ပြီး တမင်အချိန်ဆွဲထားခြင်းမျိုးမရှိကြောင်း ဒက္ခိဏခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က Myanmar Nowကိုပြောသည်။
ယနေ့တရားခွင်တွင် အပြီးသတ်လျှောက်လဲချက်တင်ခဲ့သည့် ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေဦးမြင့်အောင်ကမူ အမှုနှင့်စပ်လျဉ်း၍ သိမ်းဆည်းရမိထားသည့် ပစ္စည်းအားလုံးမှာ ၎င်းအမှုသည်၏ လက်ဝယ်တွင် မိခြင်းမဟုတ်၍ တရားရုံးအမိန့်အပေါ် များစွာမျှော်လင့်ထားကြောင်း မီဒီယာများထံပြောသည်။