
စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ကြောင့် အိမ်ပြန်ရောက်ပြီး နာရီပိုင်းအတွင်း ပြန်အဖမ်းခံခဲ့ရသော အသက် ၃၀ အရွယ် ကိုသက်ပိုင်ထွေး လက်နက်မှုနှင့် ထောင် ၃ နှစ် ချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။
စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူ ကိုသက်ပိုင်ထွေးသည် ယမန်နှစ် မေ ၂ ၌ ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နှင့် အမှုရင်ဆိုင်နေရစဉ် အောက်တိုဘာ ၁၉ တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။
ကိုသက်ပိုင်ထွေး နေအိမ်ပြန်ရောက်ပြီး တစ်နာရီခန့်အကြာ ည ၉ နာရီကျော်ခန့်တွင် ရဲများ ရောက်ရှိလာကာ ပြန်လည်ဖမ်းဆီးသွားပြီးနောက် ယခုနှစ် ဧပြီ ၅ ၌ အင်းစိန်ထောင်တွင်းတရားရုံးက လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။
“တရားတော့ မမျှတပါဘူး။ မမျှတလို့ ဒီလိုအမိန့်တွေ ချလိုက်၊ ပုဒ်မတွေ ထပ်တပ်လိုက် လုပ်နေတာလေ” ဟု ကိုသက်ပိုင်ထွေး၏ မိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းက Myanmar Now ကို ပြောသည်။
မိသားစုဝင်များက အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သော်လည်း လွတ်မြောက်ရန် အကျုံးမဝင်ခဲ့ဘဲ ထောင်ဒဏ်ချမှတ်ခံရသည်။
မီးပုလင်းကဲ့သို့ ပေါက်ကွဲစေတတ်သော လက်နက်များသုံးပြီး ဖောက်ခွဲမှုကျူးလွန်သည်ဟု စွပ်စွဲခံရကာ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
ကိုသက်ပိုင်ထွေး၏ ဇနီးဖြစ်သူ မယမုံက အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်နေသည်ဟု ပြောသည်။
“ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ အမှန်တရားက ပေါ်လာမှာပါ။ အားလုံးပဲ တောင့်ခံနိုင်တဲ့အချိန်အထိ တောင့်ခံထားကြမယ်။ အားတင်းထားစရာရှိတာ အားတင်းထားကြမယ်” ဟု မယမုံက ဆိုသည်။
ကျောက်ကပ်တစ်ခြမ်း လှူထားသဖြင့် ကျောက်ကပ်ဆေးသောက်နေရသည့် ကိုသက်ပိုင်ထွေးသည် စစ်ကြောရေးဒဏ်များအပြင် ထောင်တွင်း မိလ္လာထမ်းခြင်းကဲ့သို့ အလုပ်ကြမ်းများ လုပ်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်လာသည်ဟု မိသားစုဝင်များက ဆိုသည်။
လက်ရှိတွင် မွေးချင်း ၈ ဦးအနက် ဝင်ငွေရှာနိုင်သည့် အကြီးဆုံးသား ကိုသက်ပိုင်ထွေး အဖမ်းခံထားရသဖြင့် အသက် ၅၀ ကျော်အရွယ် မိဘများမှာ စားဝတ်နေရေးနှင့် ထောင်ဝင်စာ အလျဉ်မီစေရန် ကြိုးစားရုန်းကန်နေကြရသည်ဟု ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။
ကိုသက်ပိုင်ထွေး၏ ညီဖြစ်သူ အသက် ၂၀ အရွယ် ကိုဝိုင်းချစ်ထွေးလည်း အဖမ်းခံထားရသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ပုဒ်မ ၅၀၅-ကဖြင့် ထောင် ၃ နှစ် ချမှတ်ခံထားရသည်။ ထို့ပြင် အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာပင် အမြင့်ဆုံး သေဒဏ်အထိ အမိန့်ချနိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် စွဲထားသည့်အမှုကို ဆက်လက်ရင်ဆိုင်နေရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ကောက်ယူထားသော စာရင်းများအရ ၂၀၂၂ခုနှစ် ဧပြီ ၂၁ အထိ ဖမ်းဆီးခံခဲ့ရသူ ၁၃၃၂၆ ဦးရှိပြီး ၉၉၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ထိုကိန်းဂဏန်းမှာ AAPP က လက်လှမ်းမီသမျှ ရရှိထားသော သတင်းအချက်အလက်များကို အခြေပြုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသား ၅၀၀၀ ကျော်ကို စစ်ကောင်စီက ခြွင်းချက်နှင့် လွှတ်ပေးခဲ့သည်ဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် သက်ဆိုင်သူများ၊ ဆန္ဒပြလှုပ်ရှားမှုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများအပါအဝင် လူ ၁၀၀ ကျော်ကို ချက်ချင်းပြန်ဖမ်းဆီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)