
ဗစ်တိုးရီးယားအမှုကို စစ်ဆေးရာတွင် ကျူးလွန်ခံရသူ မိန်းကလေးငယ်ကို သီးသန့်အခန်းတွင် မေးမြန်းပြီး စစ်ဆေးနေပုံကို ကင်မရာဖြင့် ရိုက်ကူး၍ တရားခွင်တွင် တိုက်ရိုက်ပြသရန် တရားရုံးက စီစဉ်နေကြောင်း ဗစ်တိုးရီးယားဘက်မှ လိုက်ပါ ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
“တရားခွင်တွင်းမှာ တီဗီရှိနေမယ်။ ကလေးလေးနဲ့ ကျွန်မတို့ကတော့ လွတ်လွတ်လပ်လပ်ပေါ့နော် တရားသူကြီးရဲ့ အခန်းထဲမှာ ရှိနေရမှာပေါ့။ ကလေးလေးနဲ့ ကျွန်မတို့က အမှုစစ်သလိုကြီးတော့ မဟုတ်ဘူးပေါ့။ လွတ်လွတ်လပ်လပ် ပြောတဲ့ ပုံစံမျိုးလေးနဲ့ ကလေးနဲ့ ထိုက်တန်တဲ့ စကားလုံးမျိုးနဲ့ ပေါ့ပေါ့ပါးပါး ပြောမယ်။ ဒါပေမဲ့ တရားခွင်အပါအဝင် အားလုံး မြင်နေကြားနေရမှာပေါ့။ မှတ်တမ်းတင်တဲ့သူတွေကလည်း တင်နေမှာပေါ့” ဟု ရှေ့နေ ဒေါ်ရွက်နုအောင်က ဆိုသည်။
အမှုတွင် ကျူးလွန်ခံရသူ ကလေးငယ်မှာ ငယ်ရွယ်လွန်း၍ တရားခံအဖြစ် စွပ်စွဲခံရသူကို မြင်နေရပြီး မပြောရဲ၊မဆိုရဲတာမျိုး မဖြစ်စေလို၍ ထိုသို့ စစ်ဆေးရန် စီစဉ်သည်ဟု တရားရုံးက ဆိုကြောင်း ဒေါ်ရွက်နုအောင်က ပြန်လည် ပြောပြသည်။
“သမီးလေးက ငယ်လွန်းအားကြီးတော့လေ တရားခံအဖြစ် စွပ်စွဲခံရတဲ့သူကို မမြင်ဘဲ မတွေ့ဘဲနဲ့ သူပြောချင်တာလေးတွေ လွတ်လွတ်လပ်လပ်တော့ ပြောခွင့် ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
Myanmar Now သတင်းထောက်က သတင်းယူခဲ့သည့် အမှုများအနက် ဆယ်ကျော်သက်အရွယ် အိမ်အကူ မိန်းကလေးနှစ်ဦးကို နှိပ်စက်သဖြင့် လူကုန်ကူးမှုဥပဒေပုဒ်မများဖြင့် အရေးယူခံရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုတွင်လည်း ရန်ကုန်တိုင်းရှိ အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ၌ မိန်းကလေးနှစ်ဦးအား တရားသူကြီး၏အခန်းတွင်း သီးသန့် စစ်ဆေးပြီး တရားခွင်တွင်းရှိ သတင်းထောက်များအပါအဝင် နားထောင်သူများကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်ကို ကြုံတွေ့ဖူးသည်။
- နေပြည်တော် မူကြိုကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ‘မပေါ်ပေါ်အောင်ဖော်ရန်’ ညွှန်ကြားထားပြီးဟု ညွှန်ချုပ်ပြော
- လူထုကြား ဝေဖန်မှုမြင့်တက်နေသည့် နေပြည်တော်သက်ငယ်မုဒိမ်းမှုအတွက် ရန်ကုန်တွင် ဆန္ဒပြ
နေပြည်တော်က ဗစ်တိုးရီးယားအမှုကို ယနေ့တွင် ဒက္ခိဏခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးပြီးနောက် ရုံးချိန်းကို ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။
စွပ်စွဲခံရသူ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ဦးခင်မောင်ဇော်နှင့် တရားလိုဗစ်တိုးရီးယားဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ဒေါ်ရွက်နုအောင်တို့သည် အမှုကို အမှန်တရားအတိုင်းပေါ်အောင် ဆောင်ရွက်မည်ဟု ဆိုကြသည်။
ဒေါ်ရွက်နုအောင်သည် တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ရမည် ဖြစ်၍ ဥပဒေရုံးမှ ဥပဒေအရာရှိများနှင့်အတူ ပူးတွဲဆောင်ရွက်ရမည် ဖြစ်သည်။
“တရားရုံးမှာက အမှုတွဲမှာ တရားခံကို အောင်ကြီးအဖြစ်နဲ့ တရားစွဲတင်ပို့လိုက်တာပေါ့။ ကျွန်မတို့ကတော့ အမှန်တရားကို ပေါ်ပေါက်ဖို့အတွက်ပဲ စစ်သွားမှာပဲ။ တရားခံ ဘယ်သူလဲ ဘာလဲကို ကျွန်မတို့က သိပ်ပြီးတော့ ထည့်မစဉ်းစားပါဘူး။ အဓိကကတော့ တရားလိုနဲ့ သက်သေတွေကို သူတို့ သိတဲ့ ဟာတွေကို သိတဲ့အတိုင်းပဲ စစ်ဆေးလိုက်တယ် ဆိုရင် ထိုက်သင့်တာ ပေါ်လာမယ်ဆိုတာ ယုံကြည်ချက် ရှိပါတယ်။ သူတို့ကတော့(ဥပဒေအရာရှိ)အမှုတွဲပေါ်ပေါက်ချက်မှာပဲ ဆောင်ရွက်မယ့် အခြေအနေမျိုးပေါ့။ ဘာလို့ဆို ဒါ ဥပဒေအရာရှိတွေကိုယ်တိုင် အကြံပြုထားတဲ့ အကြံပြုချက်လေ။ ဥပဒေအရာရှိတွေကနေ တရားခံဟာ အောင်ကြီးဖြစ်ကြောင်းနဲ့ ပုဒ်မ ၃၇၆ အရ တရားစွဲဆိုသင့်ပါတယ် ဆိုပြီးတော့ ဒီဥပဒေအရာရှိတွေကနေ အကြံပေးထားတာလေ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
စွပ်စွဲခံရသူ အောင်ကြီးအတွက် ရဲတပ်ဖွဲ့အပေါ် ဥပဒေအကြံပြုချက်များ ပေးခဲ့သည့် ဥပဒေအရာရှိများဘက်ကိုမူ Myanmar Now က မေးမြန်းရန် နေပြည်တော်သို့ သွားရောက်၍ ကြိုးစားခဲ့သော်လည်း ခရိုင်ဥပဒေရုံးဘက်မှ တွေ့ဆုံခွင့် မပြုခဲ့ပေ။
ယနေ့ ဗစ်တိုးရီးယားအမှုကို ရုံးထုတ်ချိန်တွင် အမှုအတွက် အမှန်တရားပေါ်ပေါက်ရေးဆိုကာ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့၌ လာရောက် စောင့်ကြည့်သူ များပြားခဲ့သည်။
ယင်းအမှုတွင် တရားခံအဖြစ် စွပ်စွဲခံရသူ အောင်ကြီးကို စွပ်စွဲချက်မှာ မခိုင်လုံဟု နိုင်ငံတစ်ဝန်း လူအများအပြားက ယူဆနေကြပြီး တရားခံအစစ် ပေါ်ပေါက်ရန် ၊ သက်သေအခိုင်အလုံ ပြနိုင်ရန် မျှော်လင့်နေကြသည်။
စွပ်စွဲခံရသူ အောင်ကြီး၏ ဖခင်ဖြစ်သူက မကြာသေးခင်ရက်ပိုင်းက ထွက်ပေါ်လာသော စီစီတီဗီအရပင် ၎င်း၏ သားမှာ တရားခံဟုတ်မဟုတ် ပြည်သူလူထုသိကြောင်းနှင့် ၎င်းတို့မှာ နောက်ခံလည်းမရှိ ငွေလည်းမရှိ၍ ၎င်းတို့ဘက်မှ ရပ်တည်ပေးကြရန် မီဒီယာများကို ဖြေကြားခဲ့သည်။
နောက်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အဆိုပါနေ့တွင် အမှုကိုစစ်ဆေးရာတွင် ထိုင်မည့်တရားသူကြီးများ သိရမည်ဖြစ်ပြီး တရားလိုကို စစ်ဆေးခွင့် ရနိုင်ကြောင်း စွပ်စွဲခံရသူ အောင်ကျော်မျိုး(ခ)အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။