သတင်း

ဦးစိန္တိတကို တပ်မတော် တရားစွဲထားမှု ပြည်ကြီးတံခွန်တရားရုံး မနက်ဖြန်ဆုံးဖြတ်မည်

တပ်မတော်ကို အကြည်ညိုပျက်အောင် facebook ပေါ်တွင် ရေးသားသည်ဟုဆိုကာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်မှ ဆရာတော်ဦးစိန္တိတကို တပ်မတော်က တိုင်တန်းထားသည့်အမှုကို မနက်ဖြန် (ဇွန်လ၂၅ရက်နေ့) တွင် ပြည်ကြီးတံခွန်တရားရုံးက လက်ခံ၊မခံကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။

“တပ်မတော်ရဲ့တိုင်တန်းတဲ့အပေါ် ရဲကစစ်ဆေးအပြီး တရားရုံးကိုတင်တယ်၊ တရားရုံးကလက်ခံ၊ မခံကို အမိန့်ချသွားမှာပေါ့”ဟု ဆရာတော်က မိန့်သည်။

တပ်မတော်နှင့်ပတ်သက်၍ Facebook တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်သဖြင့် ဆရာတော်ဦးစိန္တိတကို မေလ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးက ပြည်ကြီးတံခွန်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုလိုက်ပြီး ဇွန်လ ၆ ရက်နေ့က ရဲတပ်ဖွဲ့မှ ဆရာတော် သီတင်းသုံးရာကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။

ရဲက ဆရာတော်ရေးသားခဲ့သည့် အချက်ငါးချက်ကို စစ်ဆေးခဲ့ပြီး အဆိုပါအချက်များတွင် “စစ်တပ်လုပ်ချင်ရာလုပ်နေတာ ကြံ့ခိုင်ရေးလုပ်ချင်ရာလုပ်နေတာ ဝီရသူနှင့်အပေါင်းအပါတွေ ရိုင်းချင်တိုင်းရိုင်း လုပ်ချင်တာလုပ်နေတာဟာ ၂၀၀၈ ခြေဥ အကာအကွယ်ကြောင့် ဒါကြောင့် ၂၀၀၈ ခြေဥကို ဝိုင်းထုဖို့သာ ဆက်ကြိုးစားကြပါ” ဟူ၍လည်း ပါရှိသည်။

တပ်မတော် ခေါင်းဆောင်များမှာ လိုအပ်ချက်များစွာ ရှိနေပြီး ယင်းတို့ကို သိရှိစေချင်သည့်အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ထောက်ပြမှုကို လက်မခံနိုင်ခြင်းက ၎င်းတို့၏ အမှားကြီးတစ်ခုဖြစ်သည်ဟု မြင်ကြောင်း ဆရာတော်က မိန့်သည်။

ဆရာတော်၏အမှုကို လိုက်ပါကူညီဆောင်ရွက်မည့် ရှေ့နေဒေါ်ရွက်နုအောင်က တပ်မတော်က ဆရာတော်ကို ဦးတည်တိုင်တန်းသော တိုင်ကြားစာမှာ ၅၀၅(ခ)ကို ဦးတည်နေကြောင်း၊ သို့သော်မည်သည့်ပုဒ်မ တပ်မည်ဆိုသည်မှာ ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အပေါ် တရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်းMyanmar Nowကို ပြောသည်။

“ဦးတိုက်လျှောက်ထားလွှာမှာ သုံးနှုန်းပြီးတိုင်တာက ၅၀၅ (ခ) ကို ဦးတည်ပြီးတော့ တိုင်တာ၊ တရားရုံးကနေ ရဲကို စုံစမ်းစစ်ဆေးမှု ပြုခိုင်းတယ်၊ ရဲကစုံစမ်းပြီး ရုံးကို အစီရင်ခံစာတင်တယ်၊ တရားရုံးက ကျင့် ၂၀၃ အရ ပလပ်လို့လည်းရတယ်၊ ၂၀၄ အရ လက်ခံလို့လည်းရတယ်၊ ဘယ်လိုအမိန့်ချမယ်ဆိုတာ မနက်ဖြန်မှာ သိရမယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်က တရားစွဲဆိုထားသော နောက်ထပ်ဆရာတော်တစ်ပါးဖြစ်သည့် ဦးသောဘိတ (အလင်္ကာကြယ်) အမှုကိုတော့ တရားရုံးက ကျင့် ၂၀၃ အရ ပလပ်ခဲ့ကြောင်း၊ ဆရာတော်ဦးသောဘိတအမှုနှင့် ဦးစိန္တိတအမှုမှာ တစ်ပုံစံတည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
 
ဦးသောဘိတ (အလင်္ကာကြယ်) အပေါ် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည့် တိုင်ကြားချက်များဖြင့် တရားစွဲဆိုထားမှုကို အမရပူရမြို့နယ် တရားရုံးက ဇွန်လ ၆ ရက်နေ့တွင် ပယ်ချ (ပလပ်) လိုက်ခြင်းဖြစ်သည်။

ဦးစိန္တိတမှာ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင်ပါဝင်ခဲ့သည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

Show More

Related Articles

Back to top button