
တပ်မတော်ကို အကြည်ညိုပျက်အောင် ရေးသားသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ရွှေဝါရောင်ဆရာတော်ဦးစိန္တိတအမှုကို မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ယနေ့စတင်ကြားနာရာ တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကို စစ်ဆေးခဲ့သည်။
တပ်မတော်နှင့် ပတ်သက်သည့် ဦးစိန္တိတ၏ Facebook ပေါ်ရေးသားချက်များသည် နိုင်ငံတော်အကြည် ညိုပျက်စေသည်ဟုဆိုကာ မူလက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တပ်မတော်က တရားစွဲဆိုခဲ့သော်လည်း အမှုပလပ်ခံရပြီးနောက် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ဖြင့် ပြန်လည်စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မဖြင့် တပ်မတော်၏ တရားစွဲဆိုမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမှုပလပ်ခဲ့သည်။ ထို့နောက် တပ်မတော်မှ ဒုဗိုလ်မှူးကြီးသန်းဇော်ဦးက စက်တင်ဘာလ ၈ ရက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်ခဲ့ရာ ယခုနှစ်မတ်လ ၅ တွင် တရားစွဲခွင့်ရခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင်ပင် ဆရာတော်ဦးစိန္တိတကို တရားရုံးက ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးခဲ့သည်။
တပ်မတော်တစ်ခုလုံးကို ဝေဖန်ခြင်းမဟုတ်ဘဲ တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏မူဝါဒများ၊ မဏ္ဍိုင်သုံးရပ်ကို စွက်ဖက်နေခြင်းများကို မကြိုက်သဖြင့် ဝေဖန်ရခြင်းဖြစ်သည်ဟု ယနေ့တရားခွင် ကြားနာမှုအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ဆရာတော်ဦးစိန္တိတက မိန့်ကြားခဲ့သည်။
“တိုင်းရေးပြည်ရေး ဗဟိုပြုတဲ့သံဃာ၊ တိုင်းပြည်အကျိုး ပြောဆိုမယ့်သံဃာဆိုရင် သူတို့က လက်မခံကြဘူး။ သူတို့ဘက် လိုက်ပြောမယ်၊ သူတို့လုပ်သမျှ ကောင်းတယ်ဆိုတဲ့ သံဃာမှ သူတို့သံဃာ” ဟု ဆရာတော်ဦးစိန္တိတက မိန့်သည်။
တပ်မတော်ကိုယ်စား တရားစွဲသူ ဒုဗိုလ်မှူးကြီးသန်းဇော်ဦးကို အမှုနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းရာတွင် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမတိုက် မလိခဝါဆိုကျောင်းမှ ဆရာတော် ဦးစိန္တိတသည် ၎င်းအသုံးပြုသည့် Van Sein Tita အမည်ရှိ Facebook အကောင့်တွင်၂၀၁၉ ခုနှစ်အတွင်းက ရေးသားခဲ့သည့် အကြောင်းအရာအချို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ရွှေဝါရောင်ဆရာတော် ဦးစိန္တိတရေးသားခဲ့သည့် အကြောင်းအရာများအနက် “စစ်တပ် လုပ်ချင်ရာ လုပ်နေတာ၊ ကြံ့ခိုင်ရေး လုပ်ချင်ရာ လုပ်နေတာ၊ ဝီရသူနဲ့အပေါင်းအပါတွေ ရိုင်းချင်တိုင်းရိုင်း၊ လုပ်ချင်တိုင်းလုပ်နေတာဟာ ၂၀၀၈ ခြေဥ အကာအကွယ်ကြောင့်၊ အဲဒါကြော င့်၂၀၀၈ ခြေဥကို ဝိုင်းထုဖို့သာ ဆက်ကြိုးစားကြပါ” ဟူသော ပို့စ်တစ်ခုလည်း ပါဝင်ခဲ့သည်။
တပ်မတော်က တရားစွဲဆိုသည့် ရွှေဝါရောင်ဆရာတော် ဦးစိန္တိတအမှုတွင် တရားလိုပြသက်သေ ကိုးဦး စစ်ဆေးရန်ရှိပြီး နောက်တစ်ကြိမ် ရုံးချိန်းဖြစ်သည့် ဇူလိုင် ၉ တွင်လည်း တရားလို ဒုဗိုလ်မှူးကြီးကိုသာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက ပြောသည်။
အဆိုပါ မြို့နယ်တရားရုံးက ပလပ်ခဲ့သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုသည့်အမှုကိုလည်း တပ်မတော်က တိုင်းတရားရုံးထံ အယူခံဆက်လျှောက်ထားသည်ဟု ဆရာတော်ဦးစိန္တိတ၏ ရှေ့နေက ပြောသည်။
ဆရာတော်ဦးစိန္တိတနည်းတူ အခြားရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသောဘိတ (အလင်္ကာကြယ်) သည်လည်း တပ်မတော်၏ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသည်။ ဆရာတော်ဦးသောဘိတကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သော်လည်း အမရပူရမြို့နယ်တရားရုံးက ပယ်ချ (ပလပ်) ခဲ့သည်။
ဦးသောဘိတကို တပ်မတော်ဘက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက်တရားစွဲဆိုခဲ့သောကြောင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ဆက်သွယ်ရေးပါ ဥပဒေပုဒ်မ ၆၆(ဃ) အရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင် နှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။