သတင်း

ရွှေဝါရောင်ဆရာတော်ဦးစိန္တိတ၏ မူလအမှု ပြန်စစ်ဆေးရန် အမိန့်ချ

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုမှုကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ပယ်ချခဲ့သော်လည်း ယင်းအမှုကို ပြန်လည်စစ်ဆေးရန် တိုင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်/စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တရားစွဲဆိုခဲ့သော်လည်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ၂၀၁၉ ဇူလိုင်တွင် ပယ်ချခဲ့သည်။

ထိုသို့ ပယ်ချခဲ့သည့်အတွက် တပ်မတော်က မန္တလေးတိုင်းတရားရုံး၌ ဆက်လက်အယူခံလျှောက်ထားခဲ့ရာ တပ်မတော်၏ တိုင်တန်းချက်ကို ပြန်လည်စစ်ဆေးရန် တိုင်းတရားရုံးက ယခုလ ၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“မြို့နယ်တရားရုံးက ပလပ်ခဲ့တဲ့အမှုကို ဒီမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဥပဒေနဲ့အညီ ပြန်လည်စစ်ဆေးဖို့ အမိန့်ချခဲ့တာပါ”ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးအောင်သိန်းက ပြောသည်။ 

တပ်မတော်၏ တိုင်တန်းချက်များမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည်ဟုလည်း ဆရာတော်၏ ရှေ့နေ ဒေါ်ရွက်နုအောင်က Myanmar Now ကို ပြောကြားထားဖူးသည်။

ယင်းအမိန့်နှင့်ပတ်သက်ပြီး ဆရာတော်ဦးစိန္တိတက “မဖြစ်သင့်ဘူး။ ဒီလို ပြုလုပ်တာဟာ အငြိုးအတေးကြီးရာ ရောက်နေသလို ဥပဒေကြောင်းအရလည်း မျှတမှု မရှိဘူး။ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ထင်ပါတယ်” ဟု Myanmar Now ကို မိန့်သည်။ 

တပ်မတော်က တိုင်းတရားရုံးထံ အယူခံ မလျှောက်ထားမီ ဆရာတော်၏ ဝေဖန်ရေးသားချက်များနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း ၂၀၁၉ စက်တင်ဘာတွင် ထပ်မံအမှုဖွင့်ခဲ့သည်။ ၆၆ (ဃ) အမှုကို မတ် ၅ တွင် တရားစွဲတင်ခဲ့ပြီး ထိုနေ့တွင်ပင် ဆရာတော်ကို တရားရုံးက ကျပ်သိန်း ၅၀ အာမခံဖြင့် တရားရင်ဆိုင်စေခဲ့သည်။ 

၆၆ (ဃ) အမှုရင်ဆိုင်နေစဉ် ပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည့် တိုင်တန်းချက်ကိုလည်း တိုင်းတရားရုံးက ပြန်လည်စစ်ဆေးရန် အမိန့်ချခဲ့သည့်အတွက် ဆရာတော်သည် ဖြစ်စဉ်တစ်ခုတည်းအတွက် အမှုနှစ်ခု ရင်ဆိုင်ရမည် ဖြစ်သည်။ 

ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမတိုက် မလိခဝါဆိုကျောင်းမှ ဆရာတော် ဦးစိန္တိတသည် ၎င်းအသုံးပြုသည့် Van Sein Tita အမည်ရှိ Facebook အကောင့်တွင်၂၀၁၉ ခုနှစ်အတွင်းက ရေးသားခဲ့သည့် အကြောင်းအရာအချို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။ 

ဆရာတော်ဦးစိန္တိတနည်းတူ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည့် တိုင်ကြားချက်များဖြင့် တရားစွဲဆိုထားမှုကို အမရပူရမြို့နယ်တရားရုံးက ပယ်ချခဲ့သည်။

ထိုသို့အမှုပယ်ချမှုကို တပ်မတော်က မကျေနပ်၍ ခရိုင်နှင့် တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ပုဒ်မ ၅၀၅ မမြောက်သည့်အတွက် ယင်းတရားရုံးအသီးသီးက ထပ်မံပယ်ချခဲ့သည်။ 

ဆရာတော် ဦးစိန္တိတနှင့် ဦးသောဘိတတို့သည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်ခဲ့သည့် ဆရာတော်များဖြစ်သည်။

Show More

Related Articles

Back to top button