
ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်က တရားစွဲဆိုထားမှုကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ငွေကျပ်သိန်း ၃၀ (ကိုယ်ပိုင်ခံဝန်) ဖြင့် ယနေ့ (ဩဂုတ် ၂၀) တွင် အာမခံပေးလိုက်သည်။
တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကို ဦးတည်သော တိုင်တန်းချက်များဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်/စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက ၂၀၁၉ မေလကုန်ပိုင်းတွင် တရားစွဲဆိုခဲ့သည်။
ယင်းအမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ၂၀၁၉ ဇူလိုင်တွင် ပယ်ချခဲ့ပြီးနောက် တပ်မတော်က မန္တလေးတိုင်းတရားရုံး၌ ဆက်လက် အယူခံလျှောက်ထားခဲ့သည်။ တပ်မတော်၏ တိုင်တန်းချက်ကို ပြန်လည်စစ်ဆေးရန် တိုင်းတရားရုံးက ယခုနှစ် ဇူလိုင်လဆန်းတွင် အမိန့်ချခဲ့သည်။
ထို့ကြောင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အမှုလက်ခံစစ်ဆေးရာ ယနေ့တွင် ဆရာတော်ဦးစိန္တိတက တရားရုံး၌ အာမခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
တပ်မတော်က မန္တလေးတိုင်းတရားရုံးထံ အယူခံမလျှောက်ထားမီ ဆရာတော်၏ ဝေဖန်ရေးသားချက်များနှင့် ပတ်သက်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း ၂၀၁၉ စက်တင်ဘာတွင် ထပ်မံအမှုဖွင့်ခဲ့သည်။ ထိုအမှုအတွက် ကျပ်သိန်း ၅၀ ဖြင့် အာမခံရရှိထားပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ပင် တရားရင်ဆိုင်နေသည်။
၆၆ (ဃ) အမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက တရားလိုသက်သေဗိုလ်မှူးတစ်ဦးကို စစ်ဆေးရာ သက်သေမခိုင်လုံ၍ ယင်းသက်သေကို တရားရုံးက ပယ်ချခဲ့သည်။
“ဒီနေ့သက်သေထွက်ဆိုတဲ့ ဗိုလ်မှူးရဲ့သက်သေတွေက မခိုင်လုံတဲ့အတွက် ပယ်ချလိုက်တာ။ သူတို့စွဲနေတဲ့ ဟာတွေက ကိုယ့်ဘက်ကနေလည်း ခိုင်ခိုင်လုံလုံမရှိဘူး” ဟု ဆရာတော်ဦးစိန္တိတက ရုံးချိန်းအပြီးတွင် မိန့်သည်။
ဆရာတော်ဦးစိန္တိတသည် ယင်းကဲ့သို့ တပ်မတော်အပေါ် ဝေဖန်ရေးသားနေရခြင်းမှာ တိုင်းပြည်ကောင်းရန်အတွက် အပြုသဘောဖြင့် ဝေဖန် ပြောနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုနေခြင်းအပေါ် နားမလည်နိုင်ဟုဆိုသည်။
“ဘယ်လိုရည်ရွယ်ချက်တွေ ဘယ်လိုခံစားချက်တွေနဲ့ ဦးဇင်းတို့အပေါ် ဒီလိုတရားစွဲဆိုတာတွေ လုပ်နေတယ်ဆိုတာ သူတို့ပဲသိမယ်။ တစ်ခါတလေ စကားလုံးကြမ်းတွေ ပါသွားတယ်ဆိုတာလည်း သူတို့ကို စော်ကားချင်လို့ မဟုတ်ဘူး” ဟုဆရာတော်က မိန့်သည်။
ယနေ့တွင် တရားရုံးသို့လာရောက်သော တရားလို ဒုဗိုလ်မှူးကြီးသန့်ဇော်ဦးနှင့် တရားလိုသက်သေဗိုလ်မှူးတို့က သတင်းမီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
နောက်ရုံးချိန်းကို စက်တင်ဘာ ၃ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နှင့် အသရေဖျက်မှုပုဒ်မ ၅၀၀ နှစ်မှုစလုံးကို ပြည်ကြီးတံခွန်တရားရုံးက စစ်ဆေးမည်ဖြစ်သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမတိုက် မလိခဝါဆိုကျောင်းမှ ဆရာတော် ဦးစိန္တိတသည် ၎င်းအသုံးပြုသည့် Van Sein Tita အမည်ရှိ Facebook အကောင့်တွင်၂၀၁၉ ခုနှစ်အတွင်းက ရေးသားခဲ့သည့် အကြောင်းအရာအချို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
အသရေဖျက်မှုပုဒ်မ ၅၀၀ သည် အခြားသူတစ်ဦးကို အသရေဖျက်လျှင် ထိုသူကို နှစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။