သတင်း

တပ်နှင့် ဖားကန့်အမတ်အမှုကို ၂၉ရက်နေ့တွင် စတင်စစ်ဆေးမည်

တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်အမတ် ဦးခင်မောင်မြင့်အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အမှုကို လာမည့်ဇန်နဝါရီ ၂၉ရက်နေ့တွင် စတင်စစ်ဆေးရန် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်သည်။

တပ်မတော်အကြီးအကဲများကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်သည်ဟုဆိုကာ ထောင်ဒဏ် ၂နှစ်အထိ ချမှတ်ခံရနိုင်သော အသရေဖျက်မှု ပုဒ်မ ၅၀၀ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ၂၀၂၀ ဒီဇင်ဘာ ၈ ရက်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၁၈) ဒုတိယရုံးချိန်းတွင် အမှုစစ်ဆေးခြင်းမရှိသေးဘဲ အမှုအမျိုးအစားသတ်မှတ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံချက်များအပေါ် တရားလိုနှင့် တရားစွဲခံရသူတို့ နှစ်ဖက်အပြန်အလှန်ရှင်းပြရသည့် မှုခင်းကြိုတင်စီမံခန့်ခွဲမှု (CMP)အစည်းအဝေး ကျင်းပခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

“CMP အစည်းအဝေးအရ ဒီအမှုကို တရားရုံးတော်က ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပါတယ်။ ၆ လအတွင်း အပြီးစစ်မယ်လို့ အမိန့်ချပါတယ်။ နောက်အပတ်ရုံးချိန်းမှာ စစ်ဆေးဖို့ ချိန်းဆိုထားတယ်”ဟု ရှေ့နေက ပြောသည်။

ဦးခင်မောင်မြင့် ခေါ် ဦးချိုသည် လက်ရှိတွင် ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အပြင်၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရရှိထားသူ ဖြစ်သည်။

ဦးခင်မောင်မြင့်သည် ဖားကန့်မြို့နယ်အတွင်း ဘတ်ဟိုးယန္တရားများ သိမ်းဆည်းခြင်းကိစ္စနှင့် ပတ်သက်၍ သမ္မတဦးဝင်းမြင့်ထံ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တင်ပြသည့်စာ၌ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သည်ဟုဆိုကာ တရားစွဲခံရခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို မေးမြန်းရာ တရားဥပဒေအတိုင်း ဖြေရှင်းရမည့် ကိစ္စဖြစ်ပြီး ၎င်းအနေဖြင့် သီးခြားမှတ်ချက်မပြုလိုကြောင်း Myanmar Now ကို ပြောသည်။

ယာဉ်၊ ယန္တရားများဖမ်းဆီးခံရစဉ်က ဖမ်းဆီးခံရသူများသည် စက်များ ပြန်လည်ရယူလို၍ ဘယ်လိုအခြေအနေမျိုးတွင် ဘယ်လိုဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးပြီးနောက် စက်များဖမ်းဆီးခံရမှုဖြစ်စဉ်ကို နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (လုံ တည် ဥ) ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထပ်မံတင်ပြခဲ့ကြောင်း သူက ဆက်ပြောသည်။ 

“ဝန်ကြီးချုပ်ကိုယ်တိုင် လုံ တည် ဥ ကို တင်တယ်။ အဲဒီကနေ ပြန်ပေးဖို့ဆိုတဲ့ အနေအထားမျိုးတွေ ကျွန်တော်တို့ကြားရတယ်။ ဒါပေမဲ့ လက်ရောက်ပေးဖို့ကိစ္စမှာ တော်တော်လေး ပြဿနာဖြစ်သွားတယ်။ အဲဒီတုန်းက ဖမ်းဆီးရေးအဖွဲ့မှာ ပါလာတဲ့ တပ်မမှူး ဗိုလ်ချုပ်မောင်မောင်စံနဲ့ အကုန်လုံးထောင်ကျတယ်။ အဲဒီမှာ ပြဿနာတွေရှုပ်နေတော့ တုံ့ဆိုင်းနေတာ။ အဲဒီအချိန်မှာ ဦးချိုက သမ္မတနဲ့ အတိုင်ပင်ခံကို ထပ်ဆင့်စာပြန်တင်တာ” ဟု ဦးတင့်စိုးက ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ရတနာနယ်မြေ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လုပ်ငန်းသုံးယာဉ်နှင့် ယန္တရားများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ အစိုးရနှင့် ပြည်သူများအကြား နစ်နာမှုမရှိစေဘဲ ဖြေရှင်းပေးနိုင်ရေးအတွက် ဦးခင်မောင်မြင့်က သမ္မတဦးဝင်းမြင့်ထံ ၂၀၁၉ ဒီဇင်ဘာလ ၂၃ရက်က တင်ပြခဲ့သည်။

ဖားကန့်မြို့နယ် တာမခံကျေးရွာ၊ နမ့်တောင်ကျေးရွာ၊ ဟောင်းပါးကျေးရွာ၊ နမ့်ပင်ကျေးရွာ၊ ရွှေတောင်ကျော်ကျေးရွာ၊ နမ့်ပါဟုတ်ကျေးရွာ၊ ကွင်းဟဲကျေးရွာနှင့် အခြားရွာများမှာ လုပ်ငန်းသုံးယာဉ်၊ ဘတ်စိုးယာဉ် အစီး ၄၀၊ မြေတင်ကား ၈ စီး၊ ဆီတင်ယာဉ် ၁၂ ဘီးကား  ၂စီး၊ စက်လှေများနှင့် အခြားယာဉ်များကို တပ်မတော်က ဖမ်းဆီးခဲ့သည်ဟု ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။  

အလားတူ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း ယာဉ်၊ ယန္တရားများဖမ်းဆီးနေမှုများရှိပြီး စီမံချက်ဖြင့် ဆောင်ရွက်သင့်သော ကိစ္စဖြစ်ကြောင်း ဦးခင်မောင်မြင့်က တိုက်တွန်းထားသည်။

ယာဉ်၊ ယန္တရားများကို ဖမ်းဆီးရာတွင်လည်း တပ်မတော်ကသာ ဖမ်းဆီးခြင်းဖြစ်ပြီး မဖမ်းခင် သတင်းကြိုရ၍ ကြိုတင်ရှောင်တိမ်းထားသော ယာဉ်များ၊ ပျက်ယွင်းနေသော ယာဉ်များနှင့် ယာဉ်အသစ်များလည်း ပါဝင်ကြောင်း ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။

လုပ်ငန်းသုံးယာဉ်၊ ယန္တရားများသည် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ သဘောထားမှတ်ချက်ဖြင့် သမ္မတရုံးသို့ ပေးပို့၍ သမ္မတ၏ ခွင့်ပြုချက်ဖြင်သာ တင်ပို့သယ်ဆောင်ရမည့် ကိစ္စများဖြစ်သော်လည်း ၎င်း၏ မဲဆန္ဒနယ် ဖားကန့်ဒေသတွင် သမ္မတခွင့်ပြုချက်မပါဘဲ နယ်လုံဝန်ကြီး၊ တိုင်းမှူး၊ တပ်မမှူးများ၏ လက်မှတ်များဖြင့် ရန်ကုန်ဆိပ်ကမ်းမှ (ကျောက်)လုပ်ကွက်သို့ ယာဉ်အမျိုးအစား ၆၀၀၀ ကျော် နည်းမျိုးစုံဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်ဟု သမ္မတအား ဦးခင်မောင်မြင့်က ရှင်းပြထားသည်။

NLDအစိုးရမတက်မီကာလအထိ ဖားကန့်ဒေသသို့ ယာဉ်၊ ယန္တရားများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေခဲ့ခြင်းဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ၊ မသမာမှုများရှိကြောင်း သမ္မတထံပေးပို့သည့် စာတွင် ဦးခင်မောင်မြင့်က မှတ်ချက်ပြုထားသည်။

ဖားကန့်ဒေသသို့ ရောက်ရှိလာသော ယာဉ်၊ ယန္တရားများကို ကချင်ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် တင်သွင်းလားသော ယာဉ်တစ်စီးမှ မပါကြောင်း ဦးခင်မောင်မြင့်စာတွင် ဖော်ပြထားသည်။

ဖားကန့်ဒေသရှိ ယာဉ်၊ ယန္တရားများကို တပ်မတော်က ဖမ်းဆီးစဉ်က ပြစ်မှုကျူးလွန်လျက်မိသော ယာဉ်များမပါသောကြောင့် အရေးယူသိမ်းဆည်းမည်ဆိုပါက သက်သေမခိုင်လုံပဲ အရေးယူသလိုဖြစ်လာမှာဖြစ်ပြီး အရေးယူလျှင်လည်း ဥပဒေစိုးမိုးမိုးအတွက် အခက်အခဲများစွာရှိလာမည့်အရေးကိုလည်း ဦးခင်မောင်မြင့်၏ စာတွင် ဖော်ပြထားသည်။

ယာဉ်၊ ယန္တရားများကို ဖမ်းဆီးရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနကမပါဘဲ တပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ်တို့က ဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီးရာတွင် ဆီတင်ကား၊ မြေတင်ကားများနှင့် စက်လှေများကိုပါ ဖမ်းဆီးခြင်းသည် တရားမဝင်ရောက်ရှိနေသော ယာဉ်ယန္တရား ၆၀၀၀ ကျော်ကို ရှင်းလင်းနိုင်မည့် အဖြေမဟုတ်ကြောင်းကိုလည်း စာတွင် တင်ပြထားသည်။

တပ်မတော်က ဖမ်းဆီထားသည့် ယာဉ် ၄၀ကျော်သည် တရားမဝင်ရောက်ရှိနေသည့် ယာဉ် ၆၀၀၀အနက်မှ ပြောပလောက်သော အရေအတွက်မဟုတ်ဘဲ တရားဝင်တင်သွင်းသော ကုမ္ပဏီ၏ ယာဉ်များပါ ပါဝင်နေကြောင်း၊ တရားမဝင်ရောက်ရှိနေသော ယာဉ် အစီး ၆၀၀၀ ကျော်နှင့်ပတ်သက်၍ မဖြေရှင်းနိုင်သေးကြောင်း ဖော်ပြထားသည်။

“တရားစွဲဆိုရန် လုံလောက်သော အထောက်အထားမရှိသည့် ယာဉ်များကို ပြန်ပေးနိုင်ရန်နှင့် ထပ်ပြီးမလုပ်ရန်၊ မိမိတို့အစိုးရမသိဘဲ စစ်တပ်အာဏာရှိပုဂ္ဂိုလ်များ၏ အဂတိဖြင့် သွင်းထားသော ပြဿနာကို ၎င်းတို့ဖမ်းပို့အပ်နှံမှုအပေါ် သိမ်းဆည်းပါက ဓားခုတ်ရာ လက်လျှိုအနေအထားနှင့် မိမိတို့အစိုးရက ကြုံတွေ့နေရပါသည်”ဟု သမ္မတထံပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အမှန်တင်သွင်းထားသော ကုမ္ပဏီများ မနစ်နာသင့်ဘဲ နစ်နာနေသလို စီမံခန့်ခွဲရန် ခက်နေသော ပြည်နယ်အစိုးရအတွက် စိန်ခေါ်မှုဖြစ်ပေါ်နေကြောင်း၊ ဖမ်းဆီးခံယန္တရားများကို ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးပေးရန်၊ ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် သမ္မတထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တုံ့ပြန်ချက်များရရှိရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံ ယနေ့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ 

Show More

Related Articles

Back to top button