အီဂျစ် နိုင်ငံ၏ ရွေးကောက်ခံသမ္မတဟောင်း မိုဟာမက် မော်စီသည် ၎င်းကို ရုံးတင်စစ်ဆေးနေသည့် တရားရုံးအတွင်း မူးမေ့လဲကျကာ သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်သည်။
၂၀၁၃ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခြင်းကို ခံခဲ့ရသည့် မော်စီသည် ယခု ပိတ်ပင်ခံထားရသည့် အစ္စလာမ္မစ်လှုပ်ရှားမှု “မွတ်စလင်ညီနောင်များအဖွဲ့” ၏ ထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး သူလျှိုလုပ်ပေးမှုစွပ်စွဲချက်များဖြင့် အမှုရင်ဆိုင်နေရသူဖြစ်သည်။ ကွယ်လွန်ချိန်၌ အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။
မော်စီသည် အီဂျစ်နိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်အကြာမှာပင် လူထုအုံကြွဆန္ဒပြမှုများကြောင့် ဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။
၎င်းကို ရာထူးမှဖယ်ရှားပြီးနောက် အီဂျစ်အာဏာပိုင်များသည် ၎င်းကိုထောက်ခံသူများနှင့် မွတ်စလင်ညီနောင်များအဖွဲ့တို့ကို ဖြိုခွင်းဖယ်ရှားခဲ့ကြသည်။
မြို့တော် ကိုင်ရို၌ ပြုလုပ်နေဆဲ ကြားနာစစ်ဆေးမှုသည် ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စု ‘ဟားမားစ်’ တို့နှင့် သံသယဖြစ်ဖွယ် ဆက်ဆံမှုရှိသည်ဆိုသော အချက်မှ ပေါ်ထွက်လာသည့် သူလျှိုလုပ်ပေးမှု စွဲချက်များကို စစ်ဆေးနေခြင်းဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက ဆိုသည်။
မော်စီဆိုတာ ဘယ်သူလဲ
မိုဟာမက် မော်စီကို နိုင်းမြစ်ဝကျွန်းပေါ်ဒေသ ရှာကီယာရှိ အယ်လ်-အဒ်ဝါဟ်ရွာကလေး၌ ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကိုင်ရိုတက္ကသိုလ်၌ အင်ဂျင်နီယာ ဘာသာရပ်များကို လေ့လာသင်ယူခဲ့ပြီးနောက် အမေရိကန်သို့သွားရောက်ကာ ပါရဂူဘွဲ့ရယူခဲ့သည်။
၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွက် မွတ်စလင်ညီနောင်များအဖွဲ့ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပွတ်ကာသီကာ ကပ်အနိုင်ရပြီးနောက် မော်စီက ၎င်းသည် “အီဂျစ်ပြည်သား အားလုံးအတွက်” ရည်ရွယ်သည့် အစိုးရတစ်ရပ်ကို ဦးဆောင်မည်ဟု ကတိပြုခဲ့သည်။
သို့သော်လည်း အာဏာရခဲ့သည့် တစ်နှစ်အတွင်း ကသောင်းကမြောင်းဖြစ်ခဲ့ပြီး ရွေးကောက်ပွဲကတိများကို ဖြည့်ဆည်းမပေးနိုင်ခဲ့ဟု ဝေဖန်သူများက ဆိုသည်။ ထို့ပြင် အစ္စလာမ္မစ်များအား နိုင်ငံရေး လောကကို ကြိုးကိုင်ခွင့်ပြုခြင်းနှင့် တိုင်းပြည်စီးပွားရေးကို မှားယွင်းကိုင်တွယ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည်။
၎င်း၏အစိုးရအဖွဲ့အပေါ် ပြည်သူတို့၏ မကျေနပ်ချက်များ တိုးပွားလာပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမား သန်းပေါင်းများစွာသည် မော်စီအာဏာရခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အီဂျစ်နိုင်ငံတစ်ဝန်း လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့နေ့သည် ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ဖြစ်သည်။
ဇူလိုင်လ ၃ ရက်နေ့ ညနေခင်းတွင် အီဂျစ်စစ်တပ်က အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီးနောက် သမ္မတရွေးကောက်ပွဲအသစ်များကျင်းပမည် ဖြစ်ကြောင်း၊ ကြားကာလအတွင်း တက္ကနိုခရက်များဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ကြေညာသည်။ ထိုလုပ်ရပ်အပေါ် စစ်အာဏာသိမ်းခြင်းဟု ဆိုကာ ရှုတ်ချသည့် မော်စီကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
BBC