
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရပြီးမှ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ပယ်ဖျက်ခံခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးနေမျိုးအောင်သည် ယနေ့ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားဆဲဖြစ်သော ဦးနေမျိုးအောင်သည် ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဆိပ်ကမ်းမြို့နယ် အမှတ် (၂) ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။
ဦးနေမျိုးအောင်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ၌ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲမတိုင်မီ ငွေချေးငှားသည့်လုပ်ငန်းလုပ်ခဲ့ခြင်း၊ ဘာသာရေးကိုအခြေခံ၍ မဲဆွယ်ခြင်း၊ နိုင်ငံပိုင်မြေကွက်ပေါ်ရှိ ပါတီရုံးကို အသုံးပြုခြင်းတို့ ရှိခဲ့သည်ဟုဆိုကာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ကော်မရှင်ထံ အမှုဖွင့်တိုင်ကြားခဲ့သည်။
- ဆိပ်ကမ်း အနိုင်ရ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို ပြိုင်ဘက် ဒီချုပ်ပါတီက ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်
- ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်းကို ဒီချုပ် တိုင်ကြားသည့်အမှု ရဲက စတင်စစ်ဆေး
ရွေးကောက်ပွဲရှုံးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၆၆ အရ တရားလိုလုပ် တိုင်ကြားခဲ့သည့် ထိုအမှုကို စစ်ဆေးပြီးနောက် ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲမဲဆွယ်ကာလ လှုပ်ရှားမှုများသည် ရွေးကောက်ပွဲဥပဒေပါ စည်းကမ်းချက်အချို့ကို ကျူးလွန်ဖောက်ဖျက်ထားသည်ဟု စစ်ဆေးတွေ့ရှိခြင်းကြောင့် ဦးနေမျိုးအောင်၏ အနိုင်ကို ပယ်ဖျက်ကာ ဦးသန်းထိုက်အောင်ကို အနိုင်ရကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက မေလ ၃၀ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
“ဦးနေမျိုးအောင်က ကော်မရှင်ကို အယူခံဝင်ထားတယ်။ သူက အယူခံဆက်ဝင်ထားတာကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းလို့ မရသေးဘူး။ အနိုင်ရပြီလို့ ကြေညာထားတဲ့ ကျွန်တော်တို့ပုဂ္ဂိုလ်ကိုလည်း လွှတ်တော်ထဲခေါ်လို့မရသေးဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။
ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်ဒီပါတီတို့အကြား မဲအငြင်းပွားမှုကို ရွေးကောက်ပွဲကော်မရှင်က ခုံးရုံးဖွဲ့စစ်ဆေးပြီးနောက် ဦးနေမျိုးအောင်အား ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ဆုံးဖြတ်လိုက်သောကြောင့် ဒုတိယမဲအများဆုံးရသည့် ဦးသန်းထိုက်အောင်က ကိုယ်စားလှယ်ဖြစ်လာရမည် ဖြစ်သည်။
“ရွေးကောက်ပွဲကော်မရှင်က ကျွန်တော့ကို အနိုင်ပေးတာက အတည်ပြုပေးပြီးသွားပြီ။ ဒါပေမဲ့ ဦးနေမျိုးအောင်က အယူခံဆက်တက်ထားတော့ ကျွန်တော်ရော၊ သူရောက pending (ဆိုင်းငံ့) ဖြစ်နေတာ” ဟု ဦးသန်းထိုက်အောင်က ပြောသည်။
ဦးနေမျိုးအောင် လွှတ်တော်တက်ရောက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်ချက်ကို တောင်းခံသော်လည်း ဆက်သွယ်၍မရသေးပါ။
ဆောင်းပါးဖတ်ရှုရန်