
မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည့် လှိုင်သာယာမြို့နယ်မှ အဆောင်နေ တက္ကသိုလ် ကျောင်းသူတစ်ဦးအမှုတွင် ငါးလကျော် ကြာသည်အထိ တရားခံကို ဖမ်းမမိသေးသဖြင့် အမြန်ဆုံးဖော်ထုတ်ပေးရန် အသတ်ခံရသူ၏ ဖခင်က သတင်းစာရှင်းပွဲလုပ်ပြီး ရဲကို ယနေ့ တောင်းဆိုလိုက်သည်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် လေးတူးကျေးရွာအုပ်စု ချောင်းရိုးကျေးရွာမှ အဝေးသင် တက်ရောက်နေသည့် တတိယနှစ်မြန်မာစာ ကျောင်းသူ မဥမ္မာခိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အလုပ်ရှာရန်ဟုဆိုကာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် အဆောင်သူအဖြစ် လာရောက်နေထိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မဥမ္မာခိုင်သည် ၎င်းနှင့်တစ်နယ်တည်းနေ မျိုးမြင့်အောင်ဆိုသည့် အသိမိတ်ဆွေအမျိုးသားတစ်ဦးက အလုပ်ရှာပေးမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သည့်နောက်သို့ လိုက်ပါသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့မရဲစခန်း၌ လူပျောက်မှု၊ လူခိုးမှုတို့ဖြင့် တိုင်တန်းအမှုဖွင့်ခဲ့သည်။
တစ်ပတ်ကြာသည်အထိ မဥမ္မာခိုင်သည် အဆောင်သို့ ပြန်လည်ရောက်ရှိမလာဘဲ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီဘူတာနှင့် ကန်ဘဲ့ဘူတာအကြား ရထားလမ်းနံဘေး ပိန်းတောထဲတွင် အောက်ပိုင်း ဝစ်လစ်စားလစ်ဖြင့် မီးရှို့ခံထားရသည့် ၎င်း၏အလောင်းကို ပြန်လည်တွေ့ရှိခဲ့သဖြင့် တောင်ဥက္ကလာပ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ခဲ့သည်။
သို့သော် အမှုဖွင့်ပြီး ငါးလကျော် ကြာသည်အထိ အမှုအခြေအနေ မထူးခြားသည့်အတွက် ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မဥမ္မာခိုင်၏ဖခင် ဦးသောင်းညွန့်က ပြောသည်။
“သူတို့ကိုမေးရင် ဟိုဘက်စခန်းက ဒီကိုလွှဲ ဒီဘက်စခန်းက ဟိုကိုလွှဲ ဘောလုံးပုတ်သလို လုပ်နေကြတာ။ သမီးရဲ့အမှုအခြေအနေကို ဘာမှမပြောတော့ ဦးလေးလည်း ဘာမှမသိရဘူး။ ရဲစခန်းကိုလည်း အားမရဘူး” ဟု ၎င်းက ဆိုသည်။
ဦးသောင်းညွန့်တွင် သမီးနှစ်ဦးရှိပြီး အသက် ၂၁ နှစ်အရွယ် မဥမ္မာခိုင်မှာ သမီးအကြီးဖြစ်ကြောင်း၊ အဝေးသင်ကျောင်းပိတ်ရက်များတွင် ရန်ကုန်သို့လာကာ အထည်ချုပ်စက်ရုံများ တွင်အလုပ်လုပ်၍ အိမ်စရိတ် ပြန်လည်ထောက်ပံ့တတ်ကြောင်း ၎င်းက ပြောသည်။

၎င်းအနေဖြင့် အမှုမကြန့်ကြာစေရန်နှင့် အမြန်ဆုံး ပြန်လည်ပေါ်ပေါက်စေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ လိပ်မူကာ ယခုလ ၂ ရက်နေ့က စာပို့အကြောင်းကြားခဲ့သည်။
“ဦးလေးက လယ်လုပ်တာပါ။ သမီးလေးအမှု ဒီလိုဖြစ်သွားတော့ တစ်ခေါက်လာရင် ကျပ်နှစ်သိန်းလောက် ကုန်တယ်။ မရှိတဲ့ကြားကနေပဲ လာရတာ။ ဒါပေမယ့် အမှုကို အဆုံးအထိလိုက်မှာပါ တရားဥပဒေစိုးမိုးမှုလည်း ရှိစေချင်တယ်” ဟု ဦးသောင်းညွန့်က ပြောသည်။
မဥမ္မာခိုင်ကို အဆောင်သို့ လာရောက်ခေါ်ဆောင်သွားသည့် မျိုးမြင့်အောင်ဆိုသူမှာ လက်ရှိ ၎င်းမိသားစုနှင့် နေထိုင်နေသည့် အင်းစိန်မြို့နယ်တွင် မရှိကြောင်း ၊ ထို့အတွက် မျိုးမြင့်အောင်ကို တရားခံပြေးနှင့် တရားစွဲတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
“တရားခံပြေးနဲ့ တရားစွဲလို့ရနေပြီ။ ဒါပေမဲ့ ဟိုဘက်စခန်းက လူသေလောင်းကိစ္စကို ဆက်လက်စုံစမ်းဆဲ ဖြစ်နေတဲ့အတွက် စောင့်နေတာ၊ ရဲတပ်ဖွဲ့ကတော့ ရပ်မနေပါဘူး။ ရဲတပ်ဖွဲ့အလုပ်လုပ်တာကို သူတို့မသိတာပါ ကျွန်တော်တို့လည်း ဆက်လက်စုံစမ်းနေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။