ဘန်ကောက်၊ ဇွန် ၆
ထိုင်းနိုင်ငံတွင် ယခင်စစ်အာဏာသိမ်းခေါင်းဆောင်နှင့် စစ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးပရာရွတ်ကိုပင် ပါလီမန်လွှတ်တော်က ဝန်ကြီးချုပ်သစ်အဖြစ် ထပ်မံရွေးကောက် တင်မြှောက်လိုက်သည်။
The Nation သတင်းစာ၏ရေးသားဖော်ပြချက်အရ ပါလီမန်လွှတ်တော်တွင် ၁၀ နာရီကျော်ကြာမျှ စကားစစ်ထိုးမှုများ ပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့(ဇွန်လ ၅ရက်နေ့) ညပိုင်းတွင် မဲခွဲဆုံးဖြတ်မှုဖြင့် ၎င်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် ပရာရွတ်သည် ၎င်း၏ပြိုင်ဘက် အသက် ၄၀ အရွယ်ရှိ ဘီလျံနာသူဌေး သာနာသွန်းဂျန်ဂရွန်ကစ်ကို မဲထက်ဝက်ခန့်အသာစီးဖြင့် အနိုင်ရရှိသွားခြင်းလည်းဖြစ်သည်။ မစ္စတာ သာနာသွန်းဂျန်ဂရွန်ကစ်မှာ ၂၄၄ မဲရရှိပြီး ပရာရွတ်မှာ မဲ ၅၀၀ ရရှိသွားသည်။ မဲပေးရာတွင် လွှတ်တော်အမတ် သုံးဦးသာ မဲမပေးဘဲနေခဲ့သည်။ တစ်ဦးမှာမူ နာမကျန်းသောကြောင့် ခွင့်ယူထားသည်။
အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာရွတ်ယခုလို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားခြင်းမှာ ထိုင်းအထက်လွှတ်တော်(ဆီးနိတ်) အမတ် ၂၅၀ စလုံးကို အမျိုးသားငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကောင်စီ(NCPO) ခေါ် စစ်အစိုးရက ခန့်အပ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ မဲပေးမှုဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။
အင်အားအတော်အတန်ရှိသည့် ပါတီငယ်လေးများမှာလည်း လူမသိသူမသိ ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ညွန့်ပေါင်းအဖွဲ့ထဲသို့ ရောက်ရှိသွားသည်။
အထက်လွှတ်တော်တွင်မူ စစ်ဘက်အရာရှိများနှင့် စစ်ဘက်သစ္စာတော်ခံများ အပါအဝင် စစ်အစိုးရက ခန့်အပ်ထားသည့် အမတ်များသာ နေရာယူထားခြင်းဖြစ်သည်။
ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပိုနေမြဲကျားနေမြဲနေရာသို့ ပြန်လည်ရယူနိုင်ပြီဖြစ်၍ ဗိုလ်ချုပ်ကြီးပရာရွတ်အတွက် နိုင်ငံရေးမစ်ရှင် ချောမွေ့သွားပြီဖြစ်သည်ဟု ထိုင်းပြည်တွင်းမီဒီယာအချို့က ဖော်ပြကြသည်။
အကြောင်းမှာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအနေနှင့် အာဏာကို မတရားသောနည်းဖြင့် ယူထားသည့်ပုံစံမျိုးမဟုတ်ဘဲ ဒီမိုကရေစီ နည်းလမ်းတကျပုံစံမျိုးဖြင့် ရယူထားသည့်ပုံစံဖြစ်အောင် ဖန်တီးထားနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ၂၀၀၆ ခုနှစ် သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံရပြီးသည့် အချိန်မှစ၍ နှစ်ပေါင်း ၁၃ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံသည် စစ်အာဏာသိမ်းမှုတို့ကြောင့် ဒီမိုကရေစီခရီးလမ်း ဖြောင့်တန်းနိုင်ခဲ့ခြင်းမရှိသလို ဆူပူအုံကြွမှုများ၊ နိုင်ငံရေးအကွဲအပြဲ ဇာတ်လမ်းများကသာ လွှမ်းမိုးခြင်းခံခဲ့ရသည်။
လက်ရှိထိုင်းနိုင်ငံရေး အားပြိုင်မှုကြီးမှာ တော်ဝင်မိသားစုသစ္စာခံ ကွန်ဆာဗေးတစ်အုပ်စုနှင့် အောက်ခြေရော လူလတ်တန်းစားပါ ပါဝင်သည့် ဒီမိုကရေစီအင်အားစုတို့အကြား ယှဉ်ပြိုင်မှုပင်ဖြစ်သည်။
Credit: The Nation, AFP