အမေရိကန်အစိုးရနှင့် နျူကလီးယားဆွေးနွေးပွဲ အောင်မြင်အောင် မပြုလုပ်နိုင်သဖြင့် ချွေးတပ်စခန်းပို့ အပြစ်ပေးခံလိုက်ရပြီ ဟု သတင်းထွက်ခဲ့သူ မြောက်ကိုရီးယားနိုင်ငံခြားရေး ထိပ်သီးအရာရှိကြီးကို ယမန်နေ့က ဖျော်ဖြေပွဲတစ်ခုတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအန်နှင့်အတူ လာရောက်အားပေးသည်ကို တွေ့ရှိခဲ့ရသည်။
ကိုရီးယားပြည်သူ့တပ်မတော် အရာရှိအရာခံအကြပ်စစ်သည်များ၏ ဇနီးသည်တို့မှ ဖန်တီးတင်ဆက်သော ဂီတဖျော်ဖြေပွဲတော်ကို ကင်ဂျုံအန် က လာရောက်ကြည့်ရှုစဉ် ၎င်းနှင့် ထိုင်ခုံ ငါးခုကျော်တွင် ပွဲကြည့်နေသော ကင်ယုံချောကို တွေ့ရှိရခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအစိုးရ အာဘော်မီဒီယာ KCNA ကလည်း တက်ရောက်သူအရာရှိကြီးများစာရင်းတွင် ကင်ယုံချောကို ထည့်သွင်းဖော်ပြခဲ့သည်။
“ခေါင်းဆောင်ကြီးကို ချစ်မြတ်နိုးမှုနဲ့အတူ အသက်တာတစ်လျှောက် ဂုဏ်ယူဖွယ်ရာဖြစ်တဲ့ ကိုရီးယားပြည်သူ့တပ်မတော်သားတွေရဲ့ ဇနီးတွေရဲ့ အယူအဆရေးရာ၊ စိတ်ပိုင်းဆိုင်ရာ တွေကို လေးစားအံ့ဩလောက်ဖွယ် တင်ဆက်ထားပါတယ်” ဟု KCNA သတင်းဌာနက ရေးသားထားသေးသည်။
ကင်ယုံချောသည် မြောက်ကိုရီးယားနျူကလီးယားအရေး ထိပ်တန်းညှိနှိုင်းရေး အရာရှိဖြစ်ပြီး နျူအရေး ဆွေးနွေးပွဲသို့ ကင်ဂျုံအန် ပြန်လည် ဝင်ရောက်လာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ဆွေးနွေးဖက်ဖြစ်ခဲ့သည်။
ကင်ဂျုံအန်နှင့် အမေရိကန် သမ္မတထရမ့်တို့ နှစ်ကြိမ်တိုင်တိုင် မတွေ့ဆုံခင် ကင်ယုံချောသည် ဝါရှင်တန်သို့ နှစ်ကြိမ်သွားရောက်ကာ ဒေါ်နယ်ထရမ့်နှင့် ကနဦးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
- ဟနွိုင်းထိပ်သီးဆွေးနွေးပွဲပြီးနောက် အကြီးတန်းအရာရှိများကို မြောက်ကိုရီးယားကွပ်မျက်ပစ်ခဲ့ဟု သတင်းထွက်
မြောက်ကိုရီးယားသည် နျူကလီးယားအစီအစဉ်ကို တစ်စိတ်တစ်ပိုင်း ရပ်တန့်ပေးခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကိုကား အများအပြား ဖြေလျှော့စေချင်ခြင်းကြောင့်ဟု အမေရိကန်က ဖော်ပြခဲ့ပြီး ထရမ့်နှင့် ကင်ဂျုံအန်တို့ ဒုတိယအကြိမ် ဗီယက်နမ်ဆွေးနွေးပွဲ ပွဲပျက်ခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားသတင်းစာ Chosun Ilbo က နာမည်ဖော်ပြမထားသော သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ကင်ယုံချောကို အလုပ်ကြမ်းစခန်းပို့ခြင်း နှင့် အယူအဆရေးရာ ပြန်လည် သင်ကြားစေခြင်း ပြစ်ဒဏ်များ ပေးလိုက်ပြီဟု ဆိုထားသည်။
၎င်း၏ အပြစ်မှာ မြောက်ကိုရီးယား– အမေရိကန် ထိပ်သီးအစည်းအဝေးကို အောင်မြင်အောင် မပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း တောင်ကိုရီးယားသတင်းစာက ဖော်ပြထားသေးသည်။
ယင်းသတင်းတွင် ထိပ်တန်းသံတမန် ကင်ဟုချို နှင့် နောက်ထပ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိလေးဦးကိုလည်း တာဝန်မကျေပွန်မှုဖြင့် သေဒဏ်ပေးလိုက်ပြီဟု ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအစိုးရအဖွဲ့အတွင်း သတင်းထုတ်ပြန်မှုများကို တင်းကျပ်စွာ ထိန်းချုပ်ထားမှုကြောင့် ကောလာဟလသတင်းများစွာ မကြာခဏထွက်လေ့ရှိသည်။
Ref: Ap