
ရန်ကုန်မြို့၌ ရောက်ရှိနေသည်ဟု မီဒီယာများကို ဖုန်းဖြင့်ဖြေကြားထားသည့် ဆရာတော် ဦးဝီရသူသည် ရန်ကုန်မြို့၏ မည်သည့် နေရာ၌ ရောက်ရှိနေမှန်း မသိရှိရသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဆိုသည်။
ယနေ့နေ့လယ်တွင် အနောက်ပိုင်းခရိုင် တရားရုံးက ထုတ်ပြန်သည့် ဦးဝီရသူအား ဖမ်းဆီးရန် ဝရမ်းစာကို ရဲတပ်ဖွဲ့က ရရှိသောကြောင့် ဝရမ်းလိပ်စာပါ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သော်လည်း ဆရာတော် ဦးဝီရသူ မရှိ၍ ဝရမ်းအတည် မပြုနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဝရမ်းကို အတည်ပြုနိုင်ဖို့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ လဝက ဦးစီးမှူးတို့ သာသနာရေး ဦးစီးမှူးတို့ အဖွဲ့ သံဃနာယကအဖွဲ့ကို သွားလျောက်တယ်။ ကာယကံရှင် နေတဲ့ ကျောင်းတိုက်ကို သွားကြည့်တယ်။ ကာယကံရှင် မရှိဘူးပေါ့။ မရှိတဲ့အခါ ဝရမ်း အတည်ပြုလို့ မရဘူးဖြစ်တယ်ပေါ့။ ကာယကံရှင်ရဲ့ မြို့နယ်မှာပဲ လုပ်ထုံးလုပ်နည်းအရ အရင် ဝရမ်းကို အတည်ပြုလိုက်တာပေါ့” ဟု ရဲမှူးကြီး မျိုးသူစိုးက ဆိုသည်။
- ဇွန်လ ၄ ရက်နေ့နောက်ဆုံးထားပြီး ဦးဝီရသူကို ရဲကတရားရုံးသို့ ခေါ်လာရမည်
- နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဦးဝီရသူကို တရားစွဲထားကြောင်း ရဲအတည်ပြု
မဟာအောင်မြေမြို့နယ် သံဃနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဦးပညာသာမိဘိဝံသ (မစိုးရိမ်တိုက်ဟောင်း) ထံသို့ ယနေ့မေလ ၂၉ရက်နေ့ ညနေတွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဦးဝီရသူကို ကျောင်းတိုက်အတွင်း ရှာဖွေရာ မတွေ့ခြင်းနှင့်ပတ်သက်ပြီး သွားရောက်လျှောက်ထားခဲ့ကြကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ပြောကြားသည်။
“ဒါကတော့ ရဲတပ်ဖွဲ့က သူ့အလုပ် သူလုပ်တဲ့အချိန်မှာ သံဃာကိစ္စဖြစ်နေလို့ သံဃနာယကက ပါဝင်ပေးရတာပဲ။ ကျောင်းကို ဝင်ရှာတဲ့အချိန်မှာ မတွေ့လို့ မတွေ့တဲ့အကြောင်း လာလျောက်ကြတယ်။ ပြန်ရောက်ရင်လည်း ခုလိုနောက်တစ်ခါ လာရှာခဲ့ရင် သံဃနာယကအနေနဲ့ ခုလိုပဲ ဆောင်ရွက်ပေးဖို့ လျောက်ကြတာပါ။ အရှင်ဝီရသူကိစ္စတွေကိုတော့ ဘာမှ ပြောစရာမရှိဘူး။ သူပြောရဲလို့ပြောတာပါပဲ”ဟု မဟာအောင်မြေမြို့နယ် သံဃနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဦးပညာသာမိဘိဝံသက မိန့်ကြားသည်။
မူလက ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က မနက်ဖြန် မွန်းလွဲချိန်တွင် သြဝါဒပေးမည်ဟု အကြောင်းကြားစာ ထုတ်ပြန်ထားသော်လည်း ယနေ့ညနေတွင်မူ ဦးဝီရသူကို သြဝါဒပေးမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
- ဦးဝီရသူကို ၆၆ (ဃ)၊ ၅၀၅ တို့ဖြင့် တရားစွဲနိုင်ခြေရှိဟု သာသနာရေးဌာန ပြောကြား
- လက်ထိတ်နှင့် ထောင်ကို မကြောက်ဟု ဦးဝီရသူပြော
-
“အဲဒါ ဟုတ်ပါတယ်။ နိုင်ငံတော် သံဃနာယကအဖွဲ့က တိုင်းသံဃနာယကအဖွဲ့ကို ညွှန်ကြားလိုက်တာပါ။ ရက်ရွှေ့လိုက်တယ်လို့ သိရပါတယ်။ ဖမ်းဝရမ်းကိစ္စကြောင့်လား ဘာလား ကျွန်တော် မသိရသေးပါဘူး” ဟု ရန်ကုန်တိုင်း သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မော်က Myanmar Now ကို ပြောသည်။
ဆရာတော် ဦးဝီရသူကို သြဝါဒပေးမည်ဆိုသည့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ရုံးကို မျိုးချစ်အဖွဲ့က ဆန္ဒပြမည်ဟု ယနေ့နေ့လယ်ပိုင်းက သတင်းများ ထွက်ပေါ်နေပြီး ယခု သြဝါဒပေးမည့် အစီအစဉ် ရွှေ့ဆိုင်းလိုက်သောကြောင့် ဆန္ဒပြမည့် အစီအစဉ် အပြောင်းအလဲရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။
ရဲမှူးကြီး မျိုးသူစိုးကတော့ တိုင်းသံဃနာယကရုံး ရှိရာ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားအနီးတစ်ဝိုက်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြလိုကြောင်း ရဲတပ်ဖွဲ့ထံ စာတင်ပြမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ပြောသည်။