သတင်း

ပြင်ဦးလွင်မြေသိမ်းမှုနှင့် ပတ်သက်၍ သတင်းထောက်နှင့် တောင်သူ ၇ ဦးကို တပ်က ၆၆ ဃ ဖြင့်အမှုဖွင့်

ပြင်ဦးလွင်တွင် တပ်မတော်က နို့စားနွားမွေးမြူရန် ခြံခတ်ရာမှ ဖြစ်ပေါ်ခဲ့သော မြေယာအငြင်းပွားမှုကိစ္စကို တောင်သူ၇ ဦးနှင့် ရုပ်သံအင်တာဗျူး လုပ်ခဲ့သည့် Channel Mandalay  သတင်းထောက်နှင့် တောင်သူ ၇ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်က အမှုဖွင့်လိုက်ကြောင်း ပြင်ဦးလွင်အပိုင် ကဗျူးရဲစခန်းမှဒုရဲအုပ် သန်းဇော်ဦးကပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ဧပြီလ ၂၉ရက်နေ့နံနက်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှု ဖြစ်နေခြင်းဖြစ်သည်။

ယခုလ ၁၉ ရက်နေ့က အဆိုပါ တောင်သူ ၇ ဦးက တပ်မတော်၏ နို့စားနွားမွေးမြူရန် ခြံခတ်ရာမှ ဖြစ်ပေါ်ခဲ့သော မြေယာအငြင်းပွားမှုကိစ္စကို မန္တလေးရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမားသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲ သတင်းကို Channel Mandalay  တွင် ရုပ်သံသတင်းအနေနှင့် ဖော်ပြခဲ့သည်

“အမှတ်၁၂၁တပ်က ဗိုလ်ကြီးရဲကိုကိုဦးက တရားလိုလုပ်ပြီး ဖွင့်တာပါ။ လွန်ခဲ့တဲ့၃ရက်လောက်က ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့ဖွင့်တာပါ။ ဘာအကြောင်းအရာကို ဖွင့်တာလဲဆိုတာတော့ တရားလိုနစ်နာသူဘက်ကိုပဲ မေးပါ။ ကျွန်တော်တို့က တိုင်တန်းချက်နဲ့ပတ်သက်ပြီးပဲ ရဲအရေးကိစ္စတွေ ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအရေးယူမှုနှင့် ပတ်သက်ပြီး မည်သည့်သတင်းဖော်ပြချက်ကြောင့် အမှုဖွင့်ခံရသည်ကို မသိရှိသေးကြောင်း သတင်းထောက် ကိုဝင်းနိုင်ဦးက ပြောသည်။

“ကျွန်တော်နဲ့အတူ တောင်သူ၇ဦးကို အမှုဖွင့်တယ်လို့ပဲသိရသေးတယ်။ ဘာကြောင့်ဖွင့်တယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်ထင်ပါတယ်။ တောင်သူတွေကဆန္ဒပြမယ်ဆိုတာ သတင်းစာရှင်းပွဲလုပ်တယ်လေ။ အဲဒီသတင်းကို တင်လိုက်တာပေါ့။ နှစ်ဖက်အသံရဖို့ဆိုတာလည်း ဗိုလ်မှူးနဲ့က လူကိုယ်တိုင်တွေ့တာတောင် သူဖြေစရာမလိုဘူးပြောခဲ့တာလေ။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး စွဲတယ်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

သတင်းထောက်သည် သတင်းဖော်ပြတာသာ ဖြစ်သည့်အတွက် ထိုသို့တရားစွဲဆိုခံရခြင်းမှာ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်ထင်တာ ဆန္ဒပြတဲ့နေ့က ကျွန်တော်တို့သတင်းယူစဉ် အပေါ်ကရိုက်နေတဲ့ ဒရုန်းကို ကျွန်တော်ကဓာတ်ပုံရိုက်တယ်။ အဲဒီအချိန် ရဲလည်းမဟုတ်တဲ့ အမည်မသိလူတွေ ကျွန်တော့်ကို အနီးကပ်ဓာတ်ပုံလာရိုက်ကြတယ်”ဟု ၎င်းကဆက်ပြောသည်။

တပ်မတော်က မြေသိမ်းဆည်းခြင်းကို မကျေနပ်သည့်အတွက် ဟုဆိုကာ တောင်သူအင်အား ၁၅၀ခန့်က ယခုလ ၂၄ ရက်နေ့တွင် ပြင်ဦးလွင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်သူတို့က ‘ဒီမြေဟာဘယ်သူ့မြေလဲ’ ‘ငါတို့မြေ’ ‘စစ်တပ်ပိုင်မြေ ဟုတ်သလား’ ‘မဟုတ်ဘူး’ ‘(၁၂၁)မြေ ဟုတ်သလား’  ‘မဟုတ်ဘူး’  ‘ပြည်သူကိုအနိုင်ကျင့်သော (၁၂၁) ခုထွက်သွား’ အစရှိသည့် ဗီနိုင်များကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဒေသခံများနှင့် တပ်မတော်တို့ မြေယာအငြင်းပွားမှုများမှာ မြန်မာနိုင်ငံ နေရာ အတော်များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ၂၀၁၈ သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၏ တပ်ပိုင်မြေတွင် ခံလူးကျေးရွာမှ ဒေသခံများ လူနေအိမ်များ ဆောက်လုပ်၍ ကျူးကျော် နေထိုင်သည် ဟုဆိုကာ ဒေသခံ ၂၂ဦးကို တပ်မတော်က တရားစွဲဆိုထားသည်။

ယင်းအပြင် မြိတ်မြို့တွင်လည်း တပ်ပိုင်မြေအဖြစ် ကြေညာခဲ့ပြီး ထိုနေရာမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့မှုကို နေအိမ် မဖယ်ပေးသည့် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုတို့ဖြင့် ကိုမျိုးသူနိုင်ကို တပ်မတော်က တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တိုင်ကြားခဲ့ရာမှ တပ်မတော်က ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ထပ်မံ တရားစွဲဆိုထားမှုလည်း ဖြစ်ပေါ်ခဲ့သည်။

Show More

Related Articles

Back to top button