သတင်း

ဦးသောဘိတကို တပ်မတော်ထပ်မံတရားစွဲမှု မနက်ဖြန်ရုံးထုတ်မည်

တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားဝေဖန်သည်ဟုဆိုကာ ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလကာၤကြယ်)ကို တပ်မတော်က ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုထားမှုအား မနက်ဖြန် မေလ၂၃ရက်နေ့တွင် တရားရုံး၌ စစ်ဆေးမည်ဟု ဆရာတော်၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောဆိုသည်။

“မနက်ဖြန်ဆရာတော်ကို ဒုတိယအကြိမ် ဘာနဲ့တရားစွဲဆိုမယ်ဆိုတာ တရားရုံးက အမိန့်ချမှာပေါ့နော်၊ ဆရာတော်ကိုတော့ တရားခွင်မလာခိုင်းတော့ဘူး၊ ဆရာတော် လာစရာမလိုသေးဘူး၊ ၆၆ ကကျ ဆရာတော် ကင်းလွတ်ခွင့်ရထားတယ်၊ ၅၀၅(ခ)ကကျတော့ အဲဒီနေ့မှာ တရားရုံးက ဘယ်လိုအမိန့်ချမယ်ဆိုတာ သိရမှာလေ၊ အဲဒီတော့မှ လုပ်ငန်းစဉ်ပေါ် မူတည်ပြီးတော့မှ သွားမှာ”ဟု ဒေါ်ရွက်နုအောင်က ပြောသည်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

ဆရာတော် ဦးသောဘိတသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားရင်ဆိုင်နေချိန်တွင် ဧပြီလ ၉ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ(ပထမတန်း)၊ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က အမရပူရမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ ထပ်မံ၍ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

အမရပူရတရားရုံးမှ တရားသူကြီးဇော်မင်းအောင်က ယင်းလျှောက်ထားချက်နှင့်ပတ်သက်၍ ရဲက ကိုင်တွယ်စစ်ဆေးဖို့ ပေးပို့ခဲ့ပြီး ရဲ၏စစ်ဆေးတွေ့ရှိချက်အရ မနက်ဖြန်တွင် တရားရုံးထုတ်မည်ဖြစ်သည်။

ဦးသောဘိတသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်၏တရားစွဲဆိုမှု ခံရပြီးနောက် အမှုရင်ဆိုင်နေစဉ်တွင် လူမှုကွန်ရက်၌ ရေးသားသော အကြောင်းအရာများထဲမှ အချက် ၁၀ ချက်ကို တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

ယင်းရေးသားသော အချက်များတွင် “နိုင်ငံရေးမှာ ဝင်ပြီးဖျာခင်း၊ ဘာသာရေးမှာ ဝင်ပြီးဖျာခင်း၊ လူမှုရေးမှာ ဝင်ပြီးဖျာခင်း၊ ပညာရေးမှာ ဝင်ပြီးဖျာခင်း၊ နေရာတကာခင်း၊ နောက်ဆုံး ဘုရားဂေါပကထိဝင်ခင်းနေပုံက ဖျာသယ်တပ်ကြီးလို ဖြစ်နေတယ်” ဆိုသောအချက်လည်း ပါဝင်ကြောင်း Myanmar Now က ရရှိထားသော တိုင်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားသော ယင်းတိုင်ချက်တွင် ဦးသောဘိတသည် လူမှုကွန်ရက်တွင် အစိုးရကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင်၊ မလေးစားအောင် ရည်ရွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို ကြောက်အောင်၊ ထိတ်လန့်အောင် လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်ဟု ဆိုကာ တိုင်ကြားထားကြောင်း တွေ့ရသည်။

တပ်မတော်အနေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က) (ခ) တို့ကို အသုံးပြုကာ ယခုရက်ပိုင်းအတွင်း တရားစွဲဆိုမှုများ ရှိခဲ့ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ကေခိုင်ထွန်း၊ ဇော်လင်းထွဋ် (ခ) ဖိုးသား၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး တို့ကိုလည်း တရားစွဲဆိုထားသည်။

Related Articles

Back to top button