ဟွေးမြို့၊ ဗီယက်နမ် – စစ်ဆန့်ကျင်ရေးဝါဒီ၊ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းပြဆရာ ဗီယက်နမ်လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ထစ်နက်ဟန်သည် နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ပြည်ပတွင်နေထိုင်ခဲ့ရပြီး ပြည်တော်ပြန်ခွင့်မရခဲ့သူဖြစ်သည်။
ကွယ်လွန်သူ ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာမာတင်လူသာကင်းသည် ဆရာတော်ထစ်နက်ဟန်ကို မိတ်ဆွေသူငယ်ချင်းဟု သုံးနှုန်းခဲ့ပြီး ၁၉၆၇ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ထောက်ခံပေးခဲ့သူဖြစ်သည်။ နောက်နှစ်များစွာကြာသောအခါ နည်းပညာကုမ္ပဏီကြီးများကို ဦးဆောင်ကြသူများသည် အဆိုပါ ဇင်ဓမ္မတရားပြဆရာတော်၏ တပည့်သာဝကများ ဖြစ်လာခဲ့ကြသည်။ နာမည်ကျော် ရုပ်သံအစီအစဉ်မှူး အော်ပရာဝင်းဖရေးကလည်း ဆရာတော်ကို အင်တာဗျူးခဲ့သည်။ သမ္မတဟောင်း ဘာရက်အိုဘားမားကလည်း ၂၀၁၆ ခုနှစ် ဗီယက်နမ်သို့ လည်ပတ်ခဲ့စဉ်က ဆရာတော်၏ အဆိုအမိန့်တို့ကို ကိုးကားခဲ့သေးသည်။
ယခု အသက် ၉၂ အရွယ်ရှိပြီဖြစ်သည့် ဆရာတော် ထစ်နက်ဟန်သည် လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက်တွင် ဗီယက်နမ်သို့ ပြန်ခွင့်ရခဲ့ပြီဖြစ်ကာ သူအသက် ၁၆ နှစ် သာသနာ့ဘောင် စတင်ဝင်ရောက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းတွင် ခေါင်းချရန်အတွက် နောက်ဆုံးအချိန်ကို တိတ်ဆိတ်စွာ စောင့်စားလျက်ရှိသည်။
ဆရာတော်သည် ဗီယက်နမ် တောင်-မြောက် စစ်ပွဲကာလအတွင်းက ကွန်မြူနစ်တို့နှင့်ဖြစ်သည့် စစ်အပေါ် မထောက်ခံခဲ့သည့်အတွက်ဟုဆိုကာ တောင်ဗီယက်နမ်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် ပြည်ပတွင်လှည့်လည်ကာ နေထိုင်တရားပြခဲ့ပြီး နေထိုင်ခဲ့ရသည်။
ဆရာတော် ထစ်နက်ဟန်သည် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို ကမ္ဘာမှာပျံ့နှံ့အောင် ကြိုးပမ်းအားထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ ဆရာတော်၏ ကြိုးပမ်းမှုကြောင့် သတိပဋ္ဌာန်တရားသည် ယခုအခါ ဆီလီကွန်ဗယ်လီ၊ ကမ္ဘာ့ဘဏ်၊ အမေရိကန်ကွန်ဂရက်နှင့် အမေရိကန်စစ်တပ် စသည့် နေရာဌာနများမှာပင် လက်ခံကျင့်ကြံနေကြရပြီဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလအတွင်း ဆရာတော်သည် လက်ရှိသီတင်းသုံးရာ တူဟျူးကျောင်းတော်သို့ ပြန်ရောက်လာခဲ့သည်။ ဆရာတော်ကျောင်းသို့ ဧည့်ပရိသတ်များ လာရောက်ကြသည်။ တစ်ယောက်က ဆရာတော်ကို လက်တွန်းလှည်းဖြင့် ကျောင်းဝင်းအတွင်း ဟိုဟိုသည်သည် တွန်းပို့သည့်အချိန်တွင် ဆရာတော်ကို ဖူးခွင့်ရလိုသည့် တပည့်ဒါယကာအများအပြားကိုလည်း ရံဖန်ရံခါ တွေ့နိုင်သည်။
ဆရာတော်သည် ဘာသာစကားအတော်များများ ပြောနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်က လေဖြတ်ပြီးနောက်ပိုင်း ကိုယ်တစ်ခြမ်းသေကာ စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။
ဗီယက်နမ်ကွန်မြူနစ်အစိုးရသည် ဆရာတော် ပြည်တော်ပြန်သည့်အပေါ် တရားဝင် ဘာမျှထုတ်ဖော်မပြောသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များကမူ ဆရာတော်အား လာရောက် ဖူးမြော်ကန်တော့ကြသည်။ ဗီယက်နမ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးကလည်း ဆရာတော်ကို ဖူးမြော်ခဲ့ပြီး လူချင်းဖူးခွင့်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်ဟုပင် ဆိုခဲ့သည်။ ပြီးခဲ့သည့်လအတွင်းကလည်း အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်များ ဆရာတော်ကို ဖူးမြော်ခဲ့ကြသည်။
“ဆရာတော်နဲ့ တွေ့ရတာဟာ နိုင်ငံရေးအတွေ့အကြုံရဲ့ ဘောင်အပြင်ကို လွန်ပါတယ်။ ဒါဟာ လောကုတ္တရာအတွေ့အကြုံပါပဲ” ဟု ဗားမောင့်ပြည်နယ် ဒီမိုကရက်အမတ် ဆီနိတ်တာ ပက်ထရစ် လဲဟီက ပြောသည်။
ထိုအဖွဲ့တွင် ပါဝင်သူနောက်တစ်ဦးဖြစ်သည့် နယူးမက္ကဆီကိုအမတ် တွမ်အူဒါးလ်ကလည်း ၂၀၀၃ ခုနှစ်က သူသည် ဆရာတော်နှင့်အတူ ဆွေးနွေးပွဲတစ်ပွဲတွင် ပါဝင်ခဲ့ဖူးကြောင်း၊ ထိုအချိန်မှစ၍ တရားရှုမှတ်သည့် အလုပ်ကို နေ့စဉ်လုပ်ခဲ့ကြောင်း ပြောပြသည်။
ဆရာတော် ထစ်နက်ဟန်၏ နည်းနာများအနက် လမ်းလျှောက်ရင်းတရားရှုမှတ်ရသည့် စင်္ကြံကမ္မဋ္ဌာန်းကို သဘောကျသည်ဟု သူက ပြောသည်။ “ဆရာတော်နဲ့ ဆုံပြီးနောက်ပိုင်း ဆီးနိတ်လွှတ်တော်မှာ တပည့်တော် မဲဆန္ဒပေးဖို့ လျှောက်သွားတိုင်း မြေပြင်ကို တပည့်တော်ခြေထောက်နဲ့ နမ်းရှုပ်နေတာကို သတိရမိပါတယ်” ဟု အဆိုပါအမတ်က ဟွေးမြို့၌ ဆရာတော်နှင့်ဆုံစဉ် လျှောက်သည်။
ဆရာတော်က လူသားအားလုံးတို့သည် ရိုးရိုးစင်းစင်းကိစ္စလေးများဖြစ်သည့် လိမ္မော်သီးအခွံနွှာခြင်း၊ လက်ဖက်ရည်ကြမ်းသောက်ခြင်း စသည်တို့မှာပင်လျှင် သတိပဋ္ဌာန်တရားကျင့်သုံးခြင်းဖြင့် ပီတိသုခကို ရှာဖွေနိုင်ပြီဆိုလျှင် ဗောဓိသတ္တ (ဗုဒ္ဓအလောင်းလျာ) ဖြစ်နိုင်သည်ဟု ဟောပြောခဲ့ဖူးရာ နာမည်ကျော်ခဲ့သည်။
“ဗုဒ္ဓဆိုတာ ဉာဏ်အလင်းရတဲ့သူကို ခေါ်တာဖြစ်ပါတယ်။ မေတ္တာကြီးသူ၊ ခွင့်လွှတ်နိုင်စွမ်းကြီးသူကို ခေါ်တာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သင်ဟာ အဲဒီအခြေအနေကို ရောက်နေမှန်း သိပါလိမ့်မယ်။ အဲဒီအချိန်မှာတော့ သင်ဟာ ဗုဒ္ဓဖြစ်နေပြီလို့သိပါ။ ဒီဝိမုတ္တိရသကို ကောင်းကောင်းခံစားလိုက်ပါ” ဟု Your True Home (သင့်အိမ်အစစ်) အမည်ရှိ စာအုပ်တွင် ဆရာတော်က ရေးသားထားသည်။
ဆရာတော်၏ ဩဇာမှာ ကမ္ဘာတစ်ဝန်းကြီးမားသည်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမူဘောင် ကွန်ဗင်းရှင်း၏ အမှုဆောင်အတွင်းရေးမှူးဟောင်း ခရစ္စတီးနား ဖီဂူးရက်စ်က သူ့အနေဖြင့် ဆရာတော် ထစ်နက်ဟန်၏ တရားပြသမှုများ မပါခဲ့ပါလျှင် ပါရီသဘောတူညီချက်ကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လိမ့်မည်မဟုတ်ဟု ၂၀၁၆ ခုနှစ်က ဝန်ခံခဲ့သည်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်မ်ကလည်း ဆရာတော်ရေးသည့် Miracle of Mindfulness (သတိပဋ္ဌာန်တရား၏စွမ်းပကား) ဆိုသည့်စာအုပ်သည် သူအကြိုက်ဆုံးစာအုပ်ဖြစ်သည်ဟု ပြောသည်။
ဗီယက်နမ်အစိုးရသည် ၂၀၀၅ ခုနှစ်က ဆရာတော်ကို ပြည်တွင်း ခေတ္တပြန်လည်ပတ်ခွင့် ပြုခဲ့သေးသော်လည်း ယခုမှသာလျှင် အပြီးပြန်လာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာမှာတော့ ဆရာတော်ထစ်နက်ဟန်နှင့် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားတို့သည် ခေတ်သစ်၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး ဗုဒ္ဓဘာသာခေါင်းဆောင်နှစ်ဦးအဖြစ် လက်ခံထားကြသည်။
ပြည်ပတွင်သီတင်းသုံးစဉ်အတွင်း ဆရာတော် ထစ်နက်ဟန်သည် ရဟန်းတော်များသီတင်းသုံးဖို့ ဝိဟာရကျောင်းတော်နှင့် ကမ္မဋ္ဌာန်းကျောင်း ပေါင်း ၁၀ ကျောင်းကို နိုင်ငံပေါင်းခြောက်နိုင်ငံ၌ တည်ထောင်ခဲ့သည်။ ယင်းတို့တွင် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။ ဆရာတော်သည် စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားခဲ့ပြီး အမေရိကန်တစ်နိုင်ငံတည်းမှာပင် အုပ်ရေ သန်းနှင့်ချီကာ ရောင်းချခဲ့ရသည်။ ဆရာတော်၏တပည့်တပန်းပေါင်းမှာ သိန်းနှင့်ချီရှိသည်။
အမေရိကန်အတော်များများကတော့ ဆရာတော်အပေါ် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းနည်းပြ ဆရာကြီးတစ်ပါးအဖြစ် သိကြသည်။ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းဆိုသည်မှာ ဗုဒ္ဓဂေါတမဖော်ထုတ်ခဲ့သည့်နည်းလမ်းဖြစ်ပြီး ပစ္စုပ္ပန်တည့်တည့်တွင် စိတ်ကိုတည်တံ့အောင်ထားခြင်းဖြစ်သည်။ ထို့ပြင် ဆရာတော်သည် ဗုဒ္ဓဘာသာဝင်များအား ဆင်းရဲဒုက္ခရောက်သူများကို ကူညီသည့် ပရဟိတလုပ်ငန်းများလုပ်ကိုင်ရန်နှင့် ငြိမ်းချမ်းရေးသမားများဖြစ်အောင် အားပေးခဲ့ပြီး လူထုအကျိုးပြု ဗုဒ္ဓဘာသာ (Engaged Buddhism) ဆိုသည့်အသုံးကိုလည်း စတင်သုံးနှုန်းခဲ့သည်။
“အဲဒီ လူထုအကျိုးပြုဗုဒ္ဓဘာသာဆိုတဲ့ အတွေးအခေါ်ဟာ အခုဆိုရင် တော်တော်ပျံ့နှံ့နေပါပြီ” ဟု ဩစတြေးလျနိုင်ငံ ဒေးကင်းတက္ကသိုလ် (Deakin University) မှ သုတေသနပါမောက္ခနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင် ဂျွန် ပါဝါစ်က ပြောသည်။
ဆရာတော်ထစ်နက်ဟန်သည် ၁၉၆၀ ပြည့်နှစ်တွင် တောင်ဗီယက်နမ်မှ ထွက်ခွာကာ အမေရိကန်နိုင်ငံ ပရင်စတန်တက္ကသိုလ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့၌ ဘာသာရေးနှင့်ပတ်သက်ပြီး သင်ကြားပြသခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မိခင်နိုင်ငံသို့ပြန်ပြီး စစ်ဆန့်ကျင်ရေးဗုဒ္ဓဘာသာလှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် အမေရိကန်သို့ ထပ်မံသွားရောက်ပြီး ချီကာဂိုမြို့၌ ပြည်သူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမာတင်လူသာနှင့် တွေ့ဆုံသည်။ ဆရာတော် အမေရိကန်ရောက်နေစဉ် အစိုးရက ပြည်တော်ပြန်ခွင့် ပိတ်ပင်ခဲ့သည်။
မာတင်လူသာနှင့် ဆရာတော်တို့ သိကျွမ်းခင်မင်မှုမှာ ယင်းမတိုင်ခင် ရှေ့တစ်နှစ်ကတည်းက ဖြစ်သည်။ ဆရာတော်၏ သူငယ်ချင်းများ၊ ဘဝတူများဖြစ်ကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့နှင့် သီလရှင်တစ်ပါးတို့ ဗီယက်နမ်စစ်နှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြသည့်အပေါ် ဘာကြောင့် ထိုသို့လုပ်ရသည်ကို ဆရာတော်က ရှင်းပြသည့်အနေဖြင့် ထိုစဉ်က စာရေးသားပေးပို့ခဲ့ဖူးသည်။
“ဒါဟာ သတ်သေမှုမဟုတ်ဘူးလို့ အဲဒီတုန်းက ကိုယ်တော်က ရှင်းပြခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ ကိုယ့်အသံကို သူများကြားနိုင်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြရပါတယ်။ ဒါဟာ ကရုဏာတော်ကြောင့် လုပ်ရတာဖြစ်ပါတယ်။ ဒါဟာ မေတ္တာကိုပြခြင်းသာဖြစ်ပြီး မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတာကြောင့် မဟုတ်ပါဘူး” ဟု ဆရာတော်က ၂၀၁၀ ပြည့်နှစ်က အော်ပရာဝင်းဖရေးနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောခဲ့သည်။
ထို့ပြင် ဗီယက်နမ်စစ်ကို ဆန့်ကျင်ပြဖို့လည်း မာတင်လူသာကို ဆရာတော်က တိုက်တွန်းခဲ့ပြီး မာတင်လူသာကိုယ်တိုင်ကလည်း ၁၉၆၇ ခုနှစ်တွင် ဆန့်ကျင်ရှုတ်ချခဲ့သည်။ ထို့ပြင် ဆရာတော်အား ငြိမ်းချမ်းရေးဆုချီးမြှင့်ဖို့ကိုလည်း ဒေါက်တာမာတင်လူသာက နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကို တိုက်တွန်းခဲ့သည်။
“ဟောသည်မှာရှိနေတာကတော့ ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက် အဟိံသလမ်းစဉ်တို့ရဲ့ တမန်တော်ကြီးတစ်ပါးပါ။ သူဟာ သူ့နိုင်ငံ သူ့လူမျိုးနဲ့ ရှင်ကွဲခွဲခံထားရပါတယ်။ သူ့ရဲ့ပြည်သူတွေကို မိစ္ဆာစစ်က နှိပ်စက်နေပြီးတော့ အဲဒီစစ်ဟာ သရဲသဘက်အဖြစ် ကြီးထွားလာနေပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကောင်းကျိုးချမ်းသာအဖြာဖြာကို ခြိမ်းခြောက်နေပါပြီ” ဟု ဒေါက်တာမာတင်လူသာက ရေးသားခဲ့သည်။
ထို့နောက်ပိုင်းတွင် ဆရာတော်သည် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းပြသခြင်းနှင့် လူထုအကျိုးပြုဗုဒ္ဓဘာသာ ပြန့်ပွားရေးကိစ္စများအတွက်သာ ဘဝကို မြှုပ်နှံခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ဆရာတော်သည် အမေရိကန်သို့ လာရောက်ပြီး ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်၌လည်းကောင်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ နည်းပညာကုမ္ပဏီများ၌လည်းကောင်း သတိပဋ္ဌာန်ကမ္မဋ္ဌာန်း အလုပ်ပေးတရားပွဲများ ကျင်းပခဲ့သည်။
၂၀၁၄ ခုနှစ် ဆရာတော်လေဖြတ်ပြီးနောက် ဆရာတော်၏ထင်ရှားသည့် တပည့်တစ်ဦးဖြစ်သည့် ဘီလျံနာသူဌေး မာ့ခ် ဘင်းနိယော့ဖ် (Marc Benioff) က ဆန်ဖရန်စစ္စကိုသို့ ပင့်ကာ ဆေးကုပေးဖို့ စီစဉ်ပေးခဲ့သည်။ ဘင်းနိယော့ဖ်သည် cloud computing ကုမ္ပဏီတစ်ခုဖြစ်သည့် Salesforce ၏ တည်ထောင်သူဖြစ်သည်။
ဆရာတော်သည် မစ္စတာ ဘင်းနိယော့ဖ်၏ နေအိမ်တွင် ခြောက်လတာမျှ နေထိုင်သီတင်းသုံးခဲ့ပြီး ထိုကာလအတွင်း ဆရာတော်၏ တပည့်တပန်း ၅၀ ခန့်က မထင်မှတ်ဘဲ လာရောက်ဖူးမြော်ခဲ့ကြသည်။
မစ္စတာဘင်းနိယော့ဖ်သည် ဆရာတော်၏ တပည့်တပန်းများ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို နေ့စဉ်ဘဝအတွင်း ကျင့်သုံးပုံကို အားကျကာ သူ့ပိုင်ကုမ္ပဏီမှာလည်း ထိုသို့ သတိပဋ္ဌာန်ရှုမှတ်ခြင်းကို အလေ့အထတစ်ခုဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ ဆန်ဖရန်စစ္စကို၏ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် Salesforce Tower အထပ်တိုင်းတွင် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းရိပ်သာများ ဖန်တီးခဲ့သည်။
“ကျွန်တော်တို့ နေထိုင်နေတဲ့ခေတ်ကြီးက အချိန်ပြည့် မျက်စိ၊ နား၊ စိတ်တွေကို အလုပ်ပေးထားရတဲ့ ခေတ်ကြီးပါ။ ခုလိုမျိုး တောက်လျှောက် အလုပ်ခိုင်းထားတာဟာ တကယ်တော့ သဘာဝမဟုတ်ပါဘူး။ သတိပဋ္ဌာန်တရားဟာ လျင်မြန်ရှုပ်ထွေးလှပြီး ညစ်ညူးစရာတွေပြည့်နေတဲ့ နေ့စဉ်ဘဝတွေထဲကနေ ကျွန်တော်တို့ကို ခေါ်ထုတ်ပြီး ငြိမ်းချမ်းမှုဆီကို ရှေးရှုခေါ်ဆောင်သွားနိုင်ပါတယ်” ဟု ဘင်းနိယော့ဖ်က ပြောသည်။
ဆရာတော်ထစ်နက်ဟန်၏ တရားတော်များကို ချုပ်ကြည့်လျှင် လူတိုင်းသည် “ငြိမ်းချမ်းသောကိုယ်” ပိုင်ရှင်များဖြစ်လာစေဖို့ အားထုတ်ကြိုးပမ်းရမည်ဟု ဖြစ်သည်။ ထိုသို့ဖြစ်ရန်မှာ လောဘ၊ ဒေါသ စသည့် ကိလေသာတရားများ လျော့ပါးချုပ်ငြိမ်းအောင် အဖန်တလဲလဲ အားထုတ်ခြင်းဖြင့် ကြိုးပမ်းရန် ဖြစ်သည်။
“ကျွန်ုပ်တို့ရဲ့ ရန်သူဟာ လူတွေမဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ရန်သူဟာ ကျွန်ုပ်တို့လူသားများရဲ့ နှလုံးသားမှာ ကိန်းနေတဲ့ သည်းမခံနိုင်ခြင်း၊ ဘာသာရေးအယူအစွဲကြီးခြင်း၊ အာဏာရှင်ဆန်ခြင်း၊ လောဘ၊ ဒေါသတရားတွေနဲ့ ငါနဲ့မတူ ငါ့ရန်သူ လုပ်လိုမှုတွေပဲ ဖြစ်ပါတယ်” ဟု ၁၉၆၆ ခုနှစ်က မာတင်လူသာကင်းဆီသို့ ရေးသောစာတွင် တွေ့ရသည်။
ရည်ညွှန်း
The Monk Who Taught the World Mindfulness Awaits the End of This Life by Liam Fitzpatrick. TIME (Jan 24, 2019)
Thich Nhat Hanh, Preacher of Mindfulness, Has Come Home to Vietnam by Richard C. Paddock. New York Times. May 16, 2019.