
အဂတိလိုက်စားမှုဖြင့် အရေးယူရန် ကျော်စောသတင်း ဖြစ် မဖြစ်ကို ကော်မရှင်ကသာ သတ်မှတ်နိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ပြောကြားသည်။
ကော်မရှင်အနေဖြင့် ကျော်စောပုဒ်မဖြင့် အရေးယူဆောင်ရွက်သောအမှု နည်းပါးသည်ဆိုကာ မေလ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်၏ ၂၀၁၈ ခုနစ် နှစ်ပတ်လည် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးခဲ့ပြီး ယင်းကို ကော်မရှင်ဥက္ကဋ္ဌက ယနေ့ ပြန်လည်ရှင်းလင်းရာတွင် ထိုသို့ပြောဆိုခြင်း ဖြစ်သည်။
ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က မေလ ၈ ရက် ညက စ၍ ၂၄ နာရီ ကြာမြင့်ခဲ့သည့် ရွှေဘိုအကျဉ်းထောင် ဆူပူမှုကို ကျော်စောသတင်း မှတ်ယူ၍ စုံစမ်းစစ်ဆေးရန် ရှိမရှိ သိရှိလိုကြောင်းလည်း ဆွေးနွေးခဲ့သည်။
၂၀၁၈ ခုနှစ်က ကော်မရှင်သည် အောင်ရဲထွေးသေဆုံးမှုတွင် တရားရေးအရာရှိများက လာဘ်ယူ၍ ကျေအေးခြင်းဖြစ်စဉ်ကို ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ တိုင်ကြားသူ မရှိသော်လည်း စုံစမ်းစစ်ဆေး အရေးယူခဲ့သည်။
ယင်းမှာ ကျော်စောဥပဒေပုဒ်မကို ကော်မရှင်ဥပဒေ၌ ၂၀၁၈ ခုနစ် ဇွန်လတွင် ထည့်သွင်းအတည်ပြုပြီးနောက် ယနေ့အထိ ကော်မရှင်၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကျော်စောသတင်းအဖြစ် အရေးယူဆောင်ရွက်မှု ဖြစ်သည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် လာဘ်စားသည်ဆိုသော ကိစ္စရပ်များ သတင်းမီဒီယာများနှင့် ပြည်သူများအကြား ပျံ့နှံ့နေခဲ့သော်လည်း ကျော်စောသတင်းအဖြစ် အရေးယူခြင်း မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများက တိုင်ကြားမှသာ အရေးယူသည့်အပေါ် ကော်မရှင်ကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
- အမှုပိတ်ပေးရန်အတွက် အောင်ရဲထွေးမိသားစု သိန်း ၁၅၀၀ အထိရခဲ့ဟု အဂတိတိုက်ဖျက်ရေးဖော်ထုတ်
- တနင်္သာရီဝန်ကြီးချုပ်အပါအဝင် ၄ဦးအား ဖမ်းဆီးထားကြောင်း အဂတိတိုက်ဖျက်ရေးအတည်ပြု
ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်ကို ဝေဖန်ဆွေးနွေးသူများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးယူပိုင်ခွင့် မရှိသည့် တပ်မတော်မှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။ ဒီချုပ်အမတ်တစ်ဦးက အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်ကို ကျော်စောသတင်းအဖြစ် သတ်မှတ်၍ စုံစမ်းစစ်ဆေးရန် ရှိမရှိကို သိရှိလိုကြောင်း ဆွေးနွေးချက်များလည်း ရှိနေသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်အနေဖြင့် သတင်းတစ်ရပ် ကျယ်ပြန့်စွာဖြစ်လာလျှင် ထိုသတင်းကို မျက်ခြည်ပြတ်မခံဘဲ စူးစမ်းလေ့လာလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုမြောက်လျှင် အစည်းအဝေးခေါ်၍ ကျော်စောသတင်းပေးချက်အဖြစ် အများဆုံးဖြတ်ချက်နှင့် ချမှတ်ဆောင်ရွက်ကြောင်း ဆိုသည်။
မဏ္ဍိုင်ကြီးသုံးရပ်၏ အဆင့်ဆင့်ထိန်းကျောင်းမှုကို မထိခိုက်စေရန် ကျော်စောသတင်းအဖြစ် သတ်မှတ်ခြင်းကို အလျင်စလို ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ပြန့်နှံ့နေတဲ့ သတင်းတစ်ရပ်ဟာ အဂတိလိုက်စားမှုမမြောက်ရင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပြီး အဂတိလိုက်စားမှုမြောက်ခဲ့လျှင်လည်း ဥပဒေအရ ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်တဲ့အပြင် ခိုင်လုံတဲ့ အထောက်အထားတွေ ပိုမို ထွက်ပေါ်လာလေ့ရှိတာမို့ စိုးရိမ်စရာမရှိပါကြောင်းကိုလည်း တင်ပြလိုပါတယ်” ဟု ၎င်းက ဆိုသည်။
မည်သည့် ရာထူးကြီးငယ်မဆို ကျော်စောမှုရှိသော်လည်း အရေးယူနိုင်ခြင်း မရှိပါက ကော်မရှင်ကို မည်သူက ကြပ်မတ်မည်ဆိုသည့်အချက်မှာ ပြည်သူများအတွက် မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာနိုင်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးလှနိုင်က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနစ်၊ အောက်တိုဘာလက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံး၏ ရှင်းလင်းချက်အရ ရန်ကုန်တိုင်း၏ နစ်နာဆုံးရှုံးမှုများအပေါ် ကျော်စောသတင်းဖြင့် အရေးယူပေးရန် တိုင်ကြားမှုကို ကျော်စောပုဒ်မ မပြဋ္ဌာန်းမီက ဖြစ်ရပ်ဟုဆိုကာ ကော်မရှင်က ပယ်ချဖူးသည်။
ကျော်စောသတင်းဆိုသည်မှာ အများပြည်သူအတွင်း ပြန့်နှံ့ နေသော သတင်းတစ်ရပ်ရပ်တွင် လူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် သက်သေအထောက်အထား ရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန် အကြောင်းပေါ်ပေါက်သော သတင်းကို ဆိုသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၌ ဖော်ပြထားသည်။
၂၀၁၈ ခုနစ် ဇွန်လလယ်က စတုတ္ထအကြိမ်မြောက်ပြင်ဆင်သည့် ကော်မရှင်ဥပဒေတွင် ကျော်စောသတင်းပုဒ်မကို ထည့်သွင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။