အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကယားဝန်ကြီးချုပ် ကတိချိုးဖောက်ခဲ့ဟု ဒေသခံအချို့စွပ်စွဲ

ကယားပြည်နယ် လွိုင်ကော်ရှိ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရန် မြေနေရာ ရှာဖွေပေးမည်ဟု ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က လွန်ခဲ့သည့်တစ်ပတ်က သဘောတူခဲ့သော်လည်း ယနေ့တွင်ဖောက်ဖျက်ခဲ့သည်ဟု ဗိုလ်ချုပ်ကြေးရုပ်မထားရှိရေး ပြည်နယ်အစိုးရနှင့် ဆွေးနွေးခဲ့သူများက စွပ်စွဲလိုက်သည်။

ယနေ့ မေလ ၁၄ ရက် ဆွေးနွေးပွဲသည် ယင်းမြေနေရာကို ညှိနှိုင်းရန် သဘောတူထားခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဝန်ကြီးချုပ်က ဆွေးနွေးပွဲအစတွင် “ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ ပြောင်းရွှေ့မပေးဘူး” ဟု ပြောဆိုခဲ့သည့်အတွက် နှစ်ဖက်အကြား ဆွေးနွေးမှုများ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင် ခွန်းသောမတ်က ပြောသည်။

“(မေ၇ ဆွေးနွေးပွဲတုန်းက) ရွှေ့ပြောင်းမယ့်နေရာအထိ(သူ) ပြောခဲ့တယ်” ဟု ခွန်းသောမတ်က ပြောသည်။

သို့သော် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဆိုပါစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး နှစ်ဖက်အကြား “ဘာမှသဘောတူညီချက်တွေမရှိခဲ့ဘူး” ဟု Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကို အကောင်းဆုံးဆောင်ရွက်ခွင့်ရနေတဲ့အချိန်မှာ မယူတတ်ကြဘူးဆိုရင်တော့ အစိုးရတစ်ရပ်အနေနဲ့ ဘာတတ်နိုင်မှာတုန်း” ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

နှစ်ဖက်အကြား ဆွေးနွေးမှုများ အဆုံးသတ်သွားပြီးနောက် ကြေးရုပ်ရွှေ့ပြောင်းမှု မအောင်မမြင်ဖြစ်ခဲ့သည့်အတွက် တောင်းပန်ကြောင်းနှင့် သပိတ်ကော်မတီကို ဖျက်သိမ်းကြောင်းလည်း ကြေညာချက်ထုတ်ခဲ့သည်။

သို့သော် ကြေးရုပ်ရွှေ့ပြောင်းရေး လှုပ်ရှားမှုများသည် အဆုံးသတ်မည်မဟုတ်ဘဲ တစ်ပြည်နယ်လုံး ပါဝင်သည့် လှုပ်ရှားမှုမျိုးဖြင့် ထပ်မံကြိုးစားမည်ဟုလည်း ခွန်းသောမတ်က ပြောသည်။

ကြေးရုပ်အရေးနှင့် ပတ်သက်ပြီး နောက်တစ်ကြိမ် မတည်မငြိမ်ဖြစ်လာပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

“အစွန်းရောက်သွားမယ်ဆိုရင် မူဘောင်နဲ့ ဥပဒေနဲ့အညီ ထိန်းကျောင်းကြပ်မတ်မှုတွေ လုပ်သွားမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

အခြားတစ်ဖက်တွင်လည်း ကြေးရုပ်ကို မရွှေ့ပြောင်းရန် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ပန်းခြံတွင်ထားရန် ပြည်နယ်အစိုးရက ၂၀၁၈ ဖေဖော်ဝါရီလဆန်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသခံအချို့နှင့် ပြည်နယ်အစိုးရအကြား တင်းမာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ကြေးရုပ်ကို ထောက်ခံသူနှင့် ကန့်ကွက်သူများ ဆန္ဒပြပွဲများကိုယ်စီ ဆင်နွှဲခဲ့ကြသည်။

ကန့်ကွက်မှုများကို လျစ်လျူရှုပြီး ကြေးရုပ်တည်ထောင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ က ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နုတ်ထွက်ပေးရန် ရာနှင့်ချီသော ဆန္ဒပြသူများက လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြပွဲကို လုံခြုံရေးရဲများက ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် အနည်းဆုံး ဆန္ဒပြသမား ၄ ဦးထက်မနည်း သေနတ်ဒဏ်ရာ ရခဲ့သည်။

ယင်းနေ့မှစ၍ ဆန္ဒပြပွဲများ ရပ်တန့်ပြီး အစိုးရနှင့် ကန့်ကွက်သူများအကြား ကြေးရုပ်ကိစ္စအဖြေရှာရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles