သတင်း

လွတ်ငြိမ်းခွင့်မျှော်သူများ ဆန္ဒမစောသင့်ဟု အကျဉ်းဦးစီးဌာန မှတ်ချက်ပြု

ပြီးခဲ့သောရက်ပိုင်းအတွင်း အကျဉ်းထောင် တချို့တွင် မငြိမ်မသက်မှု ဖြစ်ပွားခဲ့ခြင်းမှာ အကျဉ်းသားတို့က လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး ဆန္ဒစောနေခြင်းကြောင့် ဖြစ်သည်ဟု  အကျဉ်းဦးစီးဌာနက ယနေ့ ပြောလိုက်သည်။

လွတ်ငြိမ်းသက်သာခွင့် ဆိုသည်မှာ နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်သာဖြစ်ကြောင်း၊  မည်သည့်အကျဉ်းသားကို လွှတ်ရမည် ဆိုသည်ကိုလည်း ဌာနက ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း  အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက Myanmar Now ကို ပြောသည်။

“နိုင်ငံတော်သမ္မတကလည်း အမိန့်ထုတ်ထားတာရှိတယ် စိစစ်ပြီးတော့ ဆက်လွှတ်ပေးမယ် ပြောထားတာပဲ။ ဒါကတော့ သူတို့ (အကျဉ်းသားတွေ) ဆန္ဒစောတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အကျဉ်းကျနေသူများထဲမှ ၉,၅၃၅ ဦးကို နှစ်သစ်ကူးတွင်   လွှတ်ပေးလိုက်ကြောင်း  သမ္မတက ဧပြီ ၁၇ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားသည်။

ကျန်အကျဉ်းသားများထဲမှ လွှတ်သင့်လွှတ်ထိုက်သူတို့ကို စနစ်တကျ စိစစ်နေပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်ပေးသွားမည်ဟု အမိန့်စာက ဆိုသည်။

လွှတ်လိုက်သည့် အထဲတွင် အများစုမှာ မူးယစ်ဆေးဝါးမှုနှင့် ဆက်စပ်နေသူများ၊ နှစ်ရှည်ကျခံနေရသူများဖြစ်သည်ဟု အကျဉ်းဦးစီးဌာနထံမှ သိရသည်။

မုပ္ပလင်ဆူပူမှု

နှစ်ကူးတွင် ထိုသို့ လွှတ်ပေးလိုက်ပြီး ရက်ပိုင်းအတွင်း ထောင်တချို့တွင် ဆူပူမှု ဖြစ်ပွားရာ ထိုအထဲတွင် မွန်ပြည်နယ် မုပ္ပလင်အကျဉ်းစခန်းလည်း ပါဝင်သည်။ 

ဧပြီ ၁၉ ရက်နေ့က  အကျဉ်းသားများက လုပ်ငန်းခွင် ဝင်ရောက်ခြင်း မပြုဘဲ ဆန္ဒပြကာ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ခွင့်ရလိုကြောင်း တောင်းဆိုခဲ့ကြသည်။

ကော်မရှင်၏ သွားရောက် စစ်ဆေးရာ အကျဉ်းသားတို့က မူးယစ်ဆေးဝါးမှုများနှင့် အကျဉ်း ကျနေကြသူများမှာ  ပြစ်မှု၊ ပြစ်ဒဏ် တူသော်လည်း လွတ်ငြိမ်းခွင့်ပေးသည့် အခါတွင် ညီမျှစွာ မရရှိကြောင်း တင်ပြကြသည်။

၂၀၁၈ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပြင်ဆင်သည့် ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပုဒ်မ ၁၅ အရ မူးယစ်ဆေး သုံးစွဲသူများကို အကျဉ်းထောင်ပြစ်ဒဏ်မချမှတ်ရန် သတ်မှတ်ခဲ့သော်လည်း ၎င်းတို့မှာ ချမှတ်ထားသော ပြစ်ဒဏ်မှ သက်သာခွင့်မရသေးကြောင်း ပြောကြသည်။

ညှိနှိုင်းပေးပြီး နောက်တစ်နေ့တွင် အကျဉ်းသားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်ကို သမ္မတထံ တင်ပြထားကြောင်း ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

ရွေဘိုထောင်

ဧပြီ ၂၂ ရက်နေ့တွင် ဆန္ဒပြမှု ပေါ်ပေါက်သည့် နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင် ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့ဖြင့်  အကျဉ်းကျနေသူများက နှစ်ကူးလွတ်ငြိမ်းခွင့်တွင် ၎င်းတို့ မပါဝင်သည့်အတွက် ဖြေရှင်းပေးရန် တောင်းဆိုကြသည်။

ထိုနေ့က တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တချို့ ထောင်ထဲ ဝင်ရောက်ပြီး  အကျဉ်းသားတို့၏ တောင်းဆိုချက်များကို သမ္မတံတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုညှိနှိုင်းမှု အဆင်ပြေခဲ့သည်။

ရွှေဘိုထောင်တွင် အကျဉ်းသား ၁,၂၀၀ ကျော် ရှိနေသည်ဟု အကျဉ်းဦးစီးဌာနက ပြောသည်။

စစ်တွေထောင်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင်  ဧပြီ ၂၀ ရက်နေ့က ဆူပူမှုဖြစ်ပွားရာ သေနတ်ပစ်ဖောက်ကာ ထိန်းသိမ်းခဲ့ရသည်။

စစ်တွေထောင် ဖြစ်ရပ်သည် ထောင်ပြောင်းခံရမည့် အကျဉ်းသားတို့၏ ဆူပူမှု သက်သက်သာဖြစ်ပြီး အခြားဖြစ်စဉ်များနှင့် ဆက်နွှယ်မှုမရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

“ လွတ်ငြိမ်းချမ်းသာခွင့်တောင်းတာ မပါပါဘူး။ ထောင်ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး ဖြစ်တာပါ ” ဟု ၎င်းက ပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် အကျဉ်းသား ၃၀ ကျော် ကို ထောင်ပြောင်းရွှေ့ရန် လုပ်ဆောင်စဉ် ထိုဖြစ်ရပ်ပေါ်ပေါက်သည်ဟု ဆိုသည်။

အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည့်  ဦးဇော်ထွန်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အရ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ထောင်ဆူပူမှု ပေါ်ပေါက်ရခြင်းမှာ စီမံမှု လိုအပ်ချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

သင်္ကြန်ကာလ ဆိုတာက အကျဉ်းသားတွေ စိတ်လှုပ်ရှားတဲ့ ကာလပဲ။ အဲဒီလိုကာလမှာ ပိုပြီး ဂရုစိုက်သင့်တယ်” ဟု ဦးဇော်ထွန်းက မှတ်ချက်ပေးသည်။

Show More

Related Articles

Back to top button