အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမှုဆင်ပြီး ဖမ်းထားတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ် ပြန်လွှတ်

ပုဒ်မ ၅၀(ည) ၊ ပုဒ်မ ၅၂(က) လို့လူသိများတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တာ၊ ဆက်သွယ်တာတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဆင်ဖမ်းဆီးခံထားရတဲ့ လူ ၂သောင်းနီးပါးကို ပြန်လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က ယနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီအထဲမှာ ပုဒ်မ ၅၀(ည) ၊ ပုဒ်မ ၅၂(က) အမှုတွေနဲ့ အကျဉ်းထောင်တွေထဲ စစ်တပ်ကချုပ်နှောင်ထားတဲ့သူ ၇၃၃၇ ဦးပါဝင်ပါတယ်။ အဲ့ဒိလူတွေဟာ နောက်တကြိမ်အလားတူလုပ်ရပ်မျိုးကျူးလွန်တယ်လို့ စစ်တပ်ကယူဆရင် လက်ကျန်ထောင်ဒဏ်တွေကို ဆက်ပြီးကျခံရမယ်ဆိုတဲ့ ခံဝန်ချက်ကို စစ်တပ်ဆီ လက်မှတ်ထိုးပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ရကြမှာဖြစ်ပါတယ်။

နောက်ထပ် လူ ၁၂၅၀၀ နီးပါးကိုလည်း ပုဒ်မ ၅၀(ည) ၊ ပုဒ်မ ၅၂(က) အမှုတွေနဲ့ စစ်ဆေးတာတွေ၊ လိုက်လံဖမ်းဆီးတာတွေကို ရပ်တန့်မယ်လို့လည်း စစ်တပ်ရဲ့ ကြေညာချက်ကဆိုပါတယ််။ ဒီလူတွေကတော့ စစ်တပ်ဆီ ဘာခံဝန်ချက်မှ လက်မှတ်ထိုးစရာမလိုဘူးလို့ နားလည်ရပါတယ်။

ပုဒ်မ ၅၀(ည)ဆိုတာက အကြမ်းဖက် အဖွဲ့အစည်းတွေလို့ အာဏာသိမ်းစစ်တပ်က သတ်မှတ်ထားတဲ့သူတွေဆီကို ငွေကြေးထောက်ပံ့တာ (ဒါမှမဟုတ် ) လက်ခံတာ ဖြစ်ပြီး ပုဒ်မ ၅၂(က) က တော့ ဒီအဖွဲ့တွေကို သိလျက်နဲ့ ဆက်သွယ်တာ၊ အားပေးကူ ညီတဲ့ အမှုတွေဖြစ်ပါတယ်။ 

ဒီကြေညာချက်ကြောင့် Kpay  တို့ Wave ပေးတို့လို အွန်လိုင်းငွေကြေးစနစ်တွေကနေ ကိုယ့်ရဲ့ဘဏ်စာရင်းထဲ ငွေလွှဲဝင်ရုံ၊ စစ်တပ်က အမှုဖွင့်ထားတဲ့သူဆီ ငွေလွှဲမိရုံနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့သူတွေ၊ စစ်တပ်နဲ့ရဲကဖမ်းပြီး အကြမ်းဖက် ထောက်ပံ့မှုနဲ့ အမှုဖွင့်ငွေညှစ်ခံရတဲ့သူတွေ သက်သာရာရလာနိုင်ပါတယ်။

 စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀(ည) ၊ ပုဒ်မ ၅၂(က) အမှုတွေကို စိတ်ကြိုက်သုံးခဲ့ပြီး

သူတို့နဲ့ သဘောထားမတိုင်ဆိုင်သူ ထောင်နဲ့ချီကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ပါဝင်လာတယ်လို့ နီးစပ်သူတွေထံက သိရပြီး  အကျဉ်းထောင် ဆယ်ခု ကနေ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၃၂၄ ဦး လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က လဲ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသူတွေကို တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးတာလို့လည်း ဆိုပါတယ်။

အတိတ်သမိုင်းကို တကျော့ပြန်ကြည့်ရင် နှစ်စဉ် မတ်လ ၂ ရက်တိုင်း သတ်မှတ်ထားတဲ့ တောင်သူလယ်သမားနေ့ဆိုတာ မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ဆုံး ဖြစ်လာမယ့် စစ်အုပ်ချုပ်ရေးစတင်ရာ လွန်ခဲ့တဲ့ ၆၄ နှစ်က ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ အာဏာသိမ်းပွဲ စတင်တဲ့နေ့ရက်လည်းဖြစ်ပါတယ်။

မူလလက်ဟောင်း စစ်အာဏာရှင်ရဲ့ အာဏာသိမ်းပွဲနှစ်ပတ်လည်နေ့မှာ အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က သူစိတ်တိုင်းကျဖမ်းဆီးခဲ့တဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးထဲ့တာလည်းဖြစ်ပါတယ်။

တင်ဆက်-သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button