သတင်း

သုံးနှစ်အတွင်း ၉ သောင်းနီးပါး ပြန်လွှတ်သော်လည်း နိုင်ကျဉ်း ၇ ရာခိုင်နှုန်းခန့်သာပါ

ပြည်တွင်းပြည်ပ ဖိအားများကို ရင်ဆိုင်ရချိန်တိုင်း အာဏာသိမ်းစစ်တပ်က အကျဉ်းသားများကို ပြန်လွှတ်ပေးလေ့ရှိသော်လည်း အများစုမှာ နိုင်ငံရေးနှင့်မဆိုင်သည့် အခြားပြစ်မှုများဖြင့် ထောင်ကျနေသူများဖြစ်သည်။

ပြည်တွင်းပြည်ပ ဖိအားများကို ရင်ဆိုင်ရချိန်တိုင်း အကျဉ်းသားများ ပြန်လွှတ်ပေးလေ့ရှိသည့် စစ်ကောင်စီသည် သုံးနှစ်နီးပါးအတွင်း လူပေါင်း ၉ သောင်းနီးပါးကို လွှတ်ပေးခဲ့သော်လည်း အများစုမှာ နိုင်ငံရေးနှင့်မဆိုင်သည့် အခြားပြစ်မှုဖြင့် ချုပ်နှောင်ထားသူများသာဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ဇန်နဝါရီ ၄ ရက်အထိ သုံးနှစ်နီးပါးအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်အထိ ကြေညာခဲ့ပြီး အကျဉ်းသား ၉ သောင်းနီးပါး ပြန်လွှတ်ပေးခဲ့သည်။

သို့သော် နိုင်ငံရေးအမှုဖြင့် အကျဉ်းကျနေသူ ၅၈၀၀ ကျော်သာ ပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ပြန်လွတ်လာသူ စုစုပေါင်းအရေအတွက်၏ ၆ နှင့် ၇ ရာခိုင်နှုန်းကြားသာရှိသည်ကို တွေ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းခဲ့သူပေါင်း ၂၅,၇၃၀ ဦးရှိပြီး ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၅၈၀၀ သာရှိသည်။

အကျဉ်းထောင်များတွင် ၁၉,၉၃၀ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခဲ့သူအားလုံး၏ ၇၇ ရာခိုင်နှုန်းကို သံတိုင်များနောက်ကွယ်တွင် ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်သည်။

ထိန်းသိမ်းခံနေရသူများထဲမှ ၈၄၅၇ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်ထားသည်ဟုလည်း AAPP က ဆိုသည်။

စစ်ကောင်စီသည် ယနေ့ (ဇန်နဝါရီ ၄) တွင်လည်း အကျဉ်းသား ၉၇၆၆ ဦးကို ကန့်သတ်ချက်များဖြင့် ပြန်လွှတ်ပေးခဲ့ရာတွင် Myanmar Now က ညနေ ၄ နာရီအထိ ရရှိထားသည့် စာရင်းများအရ နိုင်ကျဉ်း ရာဂဏန်းသာ ပါဝင်သည်။

ယနေ့တွင် နိုင်ကျဉ်းများကို အစဉ်အဆက် ထိန်းသိမ်းလေ့ရှိသည့် ရန်ကုန်ရှိ အင်းစိန်ထောင်မှ ပြန်လွတ်လာသူများထဲတွင် နိုင်ကျဉ်း ၂၀၀ ခန့်ပါသည်ဟု နိုင်ကျဉ်းများကို အကူအညီပေးနေသူများထံမှ သိရသည်။

အင်းစိန်ထောင်မှ ပြန်လွတ်လာသူများတွင် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း အပါအဝင် နာမည်ကျော် ပန်းပင်ကြီးလမ်းသပိတ်တွင် ဖမ်းဆီးခံရသူများထဲမှ ၇ ဦးပါဝင်သည်ဟု သိရှိရသည်။

ပန်းပင်ကြီးလမ်းသပိတ်အဖြစ်အပျက်သည် ၂၀၂၁ ဒီဇင်ဘာလအတွင်းက လူငယ်တစ်စုသည် ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်တွင် ဆန္ဒပြချိန် စစ်တပ်က ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်တွင် ဆန္ဒပြလူငယ်နှင့် သတင်းထောက် စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံရပြီး ၃ ဦး ထိခိုက်ဒဏ်ရခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရသူ ၃ ဦးတွင် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာတို့လည်း ပါဝင်ခဲ့ပြီး ကိုကောင်းဆက်လင်းက ခါး၊ ဦးခေါင်းတို့ ပြင်းထန်ဒဏ်ရာရခဲ့သလို မမှူးရတနာမှာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာရခဲ့သည်။

မမှူးရတနာသည် ယခုအချိန်အထိ ထောင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရဆဲဟု ကိုကောင်းဆက်လင်းထံမှ သိရသည်။

“ကျွန်တော်က နောက်လ ၂ ရက်နေ့ဆို လွတ်ပြီ။ လွတ်ရက်တိုက်တာတွေတောင် လုပ်ပြီးနေပြီကို ထည့်ပေးလိုက်တာ။ နေကောင်းပါတယ် ခါးကိုပဲ ပြန်ကုရမယ် အထိုင်အထဆို မျက်သလိုဖြစ်နေတယ် သူငယ်ချင်းတွေကျန်ခဲ့တာ စိတ်မကောင်းဘူး” ဟု ပန်းပင်ကြီးလမ်းသပိတ်တွင် သတင်းယူနေရင်း ကားဖြင့်တိုက်ကာ ဖမ်းခံခဲ့ရသည့် ကိုကောင်းဆက်လင်းက ပြောသည်။

ပန်းပင်ကြီးလမ်းသပိတ်တွင် စစ်ကားဖြင့် တိုက်ခံရပြီးနောက် လဲကျနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

အင်းစိန်ထောင်မှ ယနေ့ ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံကျော် သရုပ်ဆောင်မော်ဒယ်နှစ်ဦးဖြစ်သည့် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ပါဝင်သည်ဟု ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတွင် ပြန်လည်လွတ်မြောက်လာသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (NLD) လက်ထက် မန္တလေးမြို့တော်ဝန်ဖြစ်ခဲ့သူ ဒေါက်တာရဲလွင်နှင့် မန်းစည်ပင်အဖွဲ့ဝင် ဦးကျော်ဇေယျတို့ ပါဝင်သည်ဟု မိသားစုဝင်များက အတည်ပြုသည်။

မန္တလေးတိုင်းအတွင်းရှိ ထောင်နှင့် အကျဉ်းစခန်း ၁၂ ခုမှ အကျဉ်းသား ၁၆၉၇ ဦး ပြန်လွတ်လာသော်လည်း ၎င်းတို့ ၂ ဦးအပြင် နိုင်ငံရေးအကျဉ်းသားမည်မျှပါဝင်လာသည်ကို အတိအကျမ သိရသေးသော်လည်း မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဝန်ကြီး ဦးဇာနည်အောင်အပါအဝင် NLD အစိုးရအဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများအများအပြားကို ဆက်လက်ချုပ် နှောင်ထားဆဲဖြစ်သည်ကို အတည်ပြုနိုင်သည်။

မန်းမြို့တော်ဝန်သည် အာဏာသိမ်းသည့် ၂၀၂၁ဖေဖော်ဝါရီ ၁ ညပိုင်းတွင်ပင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး နောက်တစ်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။ ထို့နောက် သီတင်းတစ်ပတ်ခန့်အကြာတွင် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ထောက်ခံသည့်အနေဖြင့် လက်သုံးချောင်းထောင်သည့်ဓာတ်ပုံကို လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည်ဟုဆိုကာ ထပ်မံဖမ်းဆီးခံရသည်။

အလားတူ မန်းစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကို လူမှုကွန်ရက်တွင် အာဏာသိမ်းဆန့်ကျင်မှုရေးသားသည်ဆိုကာ ဖေဖော်ဝါရီ ၈ တွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ကနဦးထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ လွတ်ရက်စေ့ခါနီးတွင် နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုပုဒ်မ (၄၀၉) ဖြင့် အမှုထပ်ဖွင့်ပြီး ၂၀၂၃ ဖေဖော်ဝါရီ ၃ နေ့က ထောင်ဒဏ် ၂ နှစ်စီ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဘက် ပုသိမ်ဘက်တွင် နိုင်ကျဉ်း ၃ ဦး ပြန်လွတ်ရာတွင် ဧရာဝတီတိုင်း NLD အစိုးရ၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ပါဝင်လာသည်။

ဝန်ကြီး၏ ကျန်းမာရေးအခြေအနေအသေးစိတ်ကို မသိရသော်လည်း သိသိသာသာ ပိန်သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

သူသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရဲဝံ့စွာ အာဏာဖီဆန်သည့် ဝန်ထမ်းများကို အလေးအနက်ဂုဏ်ပြုကြောင်း အာဏာသိမ်းပြီး ၉ ရက်အကြာတွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကိုယ်စားပြု၍​ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသော ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာလှမြတ်သွေးတစ်ဦးတည်းကိုသာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထောင်ချခဲ့သည်။

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး။

ပဲခူးထောင်မှ အကျဉ်းသား ၁၅၀ ဦးခန့် ပြန်လွတ်သော်လည်း နိုင်ငံရေးအကျဉ်းသားမပါဝင်ဟု ပဲခူးမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက အတည်ပြုသည်။

“နိုင်ကျဉ်း/ဆေးမှု/ လူသတ်/မုဒိမ်း အမှုကြီးတွေမပါဘူး” ဟု အမည်မဖော်လိုသည့် ထိုနိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။

ယနေ့ ပြန်လွတ်သူများသည် လွတ်ရက်စေ့တော့မည့်အကျဉ်းသားများဖြစ်သော်လည်း ပဲခူးထောင်တွင် လေးငါးလဝန်းကျင်သာ ပြစ်ဒဏ်ရက်ကျန်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသူများ လွတ်လာခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။

တောင်ငူထောင်မှ အကျဉ်းသား ၁၀၀ ကျော် လွတ်သော်လည်း နိုင်ငံရေးအကျဉ်းသားပါဝင်ခြင်းမရှိဘဲ ဖားအံထောင်မှ နိုင်ငံရေးအကျဉ်းသူ ၁ ဦး၊ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသူ ၁ ဦး ပြန်လွတ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

မြင်းခြံထောင်နှင့် သရက်ထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာခြင်းမရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က တာဝန်ခံ ကိုသိုက်ထွန်းဦးက မွန်းလွဲ ၃ နာရီအထိ ရရှိသည့်စာရင်းများကို ကိုးကားပြီး ပြောသည်။

ကျိုက်မရောထောင်တွင်လည်း ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁၀ ဦး ပြန်လွတ်လာပြီး အမျိုးသားအရေအတွက် မသိရသေးဟု ‘ထောင်ဝင်စာပို့ကြမယ်’ အဖွဲ့ထံမှ သိရသည်။

ရွေးကောက်ပွဲလုပ်ရန် လေသံပစ်နေသည့်စစ်ကောင်စီသည် နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်ရချိန်တိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးလေ့ရှိပြီး လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသားအချို့ကို ဟန်ပြထည့်ပေးလေ့ရှိသည်။

Show More

Related Articles

Back to top button