ဆောင်းပါးရွေးကောက်ပွဲ

သုံးတောင်ဝတ်များကို လက်ကမ်းကြိုပါ

ရန်ကုန် – ကမ္ဘာနဲ့အဝန်း အမျိုးသမီးတွေဟာ ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့၊ တန်းတူညီတူ အခွင့်အရေးရဖို့ သိမြင်လာကြပြီး တောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြတာ နှစ် ၁ဝဝ ကျော်လွန်ခဲ့ပါပြီ။ ကမ္ဘာ့အရှေ့ခြမ်းဖြစ်စေ၊ အနောက်ခြမ်းဖြစ်စေ၊ တောင်ခြမ်းမှာဖြစ်ဖြစ် မြောက်ခြမ်းမှာဖြစ်ဖြစ် ဘယ်လူ့အဖွဲ့အစည်းမှာမဆို အမျိုးသမီးတွေအပေါ်ထားတဲ့ အမြင်တွေဟာ မကြာသေးခင် ကာလများအထိတော့ တစ်ပုံစံတည်းပါပဲ။ ယောက်ျားတစ်ယောက်ဟာ သူ့ဘဝမှာ အစွမ်းအစရှိရင် ရှိသလောက် ဘာမဆိုဖြစ်နိုင်ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ အမြင့်ဆုံးအဆင့်ဟာ မိခင်ကောင်း၊ ဇနီးကောင်း၊ အိမ်ထောင်ရှင်မကောင်း အဆင့်ထက် မပိုခဲ့ပါ။

ဒါတွေအားလုံးဟာ အခုအချိန်မှာ ပြောင်းလဲခဲ့ပါပြီ။ ယောက်ျားကြီးစိုးတဲ့ကမ္ဘာကြီးမှာ ယောက်ျားတွေ ဖြစ်နိုင်သလောက် လုပ်နိုင်သလောက် အမျိုးသမီးတွေလည်း လိုက်လုပ်နိုင်တယ် ဆိုတာ ပြသနိုင်ခဲ့ပါပြီ။ ကလေးတစ်ဖက် ခါးထစ်ခွင်ချီရင်းက ပါရဂူဘွဲ့ ယူပြနိုင်တဲ့ မိန်းမတွေ၊ စီးပွားရေးလုပ်ငန်းကြီးမှာ ဦးစီးနေကြတဲ့ မိခင်တွေ၊ အိမ်ထောင့်တာဝန်တွေ မလစ်ဟင်းဘဲနဲ့လည်း တစ်ချိန်တည်းမှာ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကိုပါ ထမ်းဆောင်ပြနိုင်ခဲ့တဲ့ မိန်းမတွေဟာ ဝေးဝေးကြည့်စရာမလိုဘဲနဲ့ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာတောင် ရှိနေတာပါ။

မကြာသေးမီကအထိ တတိယကမ္ဘာဆိုတဲ့ ထောင့်ချိုးအကွယ်တစ်ခုမှာ အိမ်ပျော်နေခဲ့တဲ့ မြန်မာနိုင်ငံကလည်း ပြောင်းလဲလာတဲ့ ဒီရေစီးနဲ့အပြိုင် လိုက်ပါနေဖို့ ကြိုးပမ်းနေပါပြီ။ မိန်းမဆိုတာဟာ လင်ယူသားမွေး၊ အိမ်ထောင်ထိန်းသိမ်းဆိုတာတွေထက်ပိုတဲ့ တာဝန်များ ထမ်းဆောင်နိုင်ကြောင်း ပြသနိုင်ရေးအတွက် မြန်မာအမျိုးသမီးတွေဟာ နိုဝင်ဘာ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံးသောရာထူးတွေမှာ ဝင်ရောက်ထမ်းဆောင်ဖို့ တာစူနေကြပါပြီ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ သမိုင်းမှာ တစ်ခါမှ ဒီလောက် မများတာမို့လို့လည်း မြန်မာအမျိုးသမီးလောကအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလို့ ဆိုရမှာပါပဲ။

ဒါပေမဲ့လည်း သူတို့ရဲ့ခရီးဟာ ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။ အစဉ်အလာ အိမ်တွင်းမှုကိစ္စတွေကနေ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအထိ ခရီးဆန့်မယ့် အမျိုးသမီးတွေကို သမိုင်းတစ်လျှောက်လုံး ဒီကဏ္ဍနယ်ပယ်တွေမှာ ကြီးစိုးခဲ့တဲ့ ယောက်ျားတွေက အထင်သေးကြ၊ ရှုတ်ချကြ၊ ပြစ်တင်ကြတယ်လို့ ကာယကံရှင်တွေက ပြောပြကြပါတယ်။ တချို့ဆိုရင် ဂုဏ်သိက္ခာထိခိုက်လောက်အောင်အထိ အပြောခံရ၊ သွားရာလာရာမှာ လုံခြုံရေးအရ စိတ်မချရတာမျိုးအထိပါ ကြုံရပါတယ် တဲ့။

အဲဒီအချိန်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အများစုက သူတို့ဟာ အမျိုးသမီးဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ထိပါးပြောဆိုခံရမှာ  အကြောက်ဆုံးပဲလို့ ပြောပါတယ်။ တချို့ဆို မဲမဆွယ်ခင် အချိန်ကတည်းက တိုက်ခိုက်ပြောဆိုခံနေရကြောင်းကို ရင်ဖွင့်ကြပါတယ်။ တချို့လည်း နိုင်ငံရေးကိစ္စအတွက် ယောက်ျားလေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားလာပြောဆိုရင် စွပ်စွဲ၊ ဝေဖန်ခံရတာမျိုးတွေ ကြုံရတယ်လို့ ပြောပါတယ်။ ဒါကိုတော့ ကျွန်မ သိပ်မအံ့ဩပါဘူး။ မိန်းကလေးသူငယ်ချင်းထက် ယောက်ျားလေးသူငယ်ချင်း များတဲ့ ကျွန်မကို နောက်ကွယ်မှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ထိခိုက်နစ်နာအောင် ပြောဆိုတာတွေ ကြုံရတာ ခဏခဏပါပဲ။ ဒီနေ့အချိန်အထိလည်း ကြုံနေရတုန်းပါပဲ။

ယောက်ျားလေးမိတ်ဆွေတွေရှိတဲ့ ကျွန်မက အပေါစားမိန်းမလိုလို၊ အပြစ်ကြီး ကျူးလွန်ထားတဲ့ လူသားတစ်ယောက်လိုလို အပြောခံရဖူးပါတယ်။

ကမ္ဘာကြီးမှာ မိန်းကလေးဖြစ်ရတာ မလွယ်ကူပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ ပိုလို့တောင် မလွယ်ကူပါသေးတယ်။ မိန်းကလေးဆိုရင် အလကားနေရင်းနဲ့ကို အထင်အမြင်သေး ဆက်ဆံတတ်သူတွေ မနည်းမနောပါ။ မိသားစုထဲမှာဆိုရင်လည်း မိန်းကလေးမို့လို့ဆိုပြီး ဦးစားပေးခံရတာ နည်းပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဝေဖန်ပြစ်တင်ခံရသံနဲ့ မလွတ်ပါဘူး။ တခြား ဝေဖန်စရာရှာမရတော့ နိုင်ငံခြားသားနဲ့လက်ထပ်ခဲ့တဲ့ အတွက် မျိုးမစစ်ဘူးဆိုပြီး တချို့က ပြောကြပြန်ပါတယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ လူတစ်ယောက်ရဲ့ပုဂ္ဂလိကဘဝပဲ မဟုတ်ပါလား။ အိမ်ထောင်ရေးပဲဖြစ်ဖြစ် လူမှုပေါင်းသင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကာယကံရှင်တွေထက်ပိုပြီး ဘေးလူတွေက ပိုသိပိုတတ်နေသလို ဝင်စွက်ဖက်ချင်နေတော့လည်း မခက်ဘူးလား။ ဝေဖန် အပြစ်တင်သံတွေကိုသာ လိုက်ဂရုစိုက်နေရရင် အမျိုးသမီးတစ်ယောက်အနေနဲ့ နေစရာတောင် ရှိမှာမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။

ခေတ်ကာလတွေ ရွေ့လျား ပြောင်းလဲလာခဲ့ပေမဲ့လည်း အမျိုးသမီးတွေကို အထင်အမြင်သေး ဆက်ဆံတတ်တဲ့စိတ်က သိပ်ပြီး ပြောင်းလဲလာတာတော့ မတွေ့ရပါဘူး။

ပညာရေးပိုင်းမှာဆိုရင်လည်း ယောက်ျားလေးထက် မိန်းကလေးကို ဦးစားပေးခဲပါတယ်။ အချိန်တန် အိမ်ထောင်ပြု၊ ကလေးမွေးရင် နင့်ယောက်ျား ရှာကျွေးလိမ့်မယ် ဆိုတဲ့ အယူအဆရှိတဲ့ လူကြီးတွေ အများအပြားရှိနေပြီး သူတို့က အချိန်တန် လင်ယူသားမွေးမယ့်သူတစ်ယောက်အတွက် ပိုက်ဆံတွေ အလကား အကုန်မခံချင်တဲ့သဘော ရှိတတ်ပါတယ်။

အိမ်အလုပ်တွေကိုလည်း သမီးမိန်းကလေးများကသာ အများဆုံး လုပ်ကိုင်ရသူတွေပါ။ အမျိုးသမီးဆိုရင် ဟိုနေရာတွေ မသွားရဘူး၊ သည်နေရာ မသွားရဘူး၊ ဟိုလိုမထိုင်ရဘူး၊ ဒီလို ထိုင်ရမယ်၊ ဟိုလိုမပြောရဘူး၊ ဒီလိုပဲပြောရမယ် စသည်ဖြင့် ကန့်သတ်ထားတတ်ကြပါတယ်။

ရပ်ကွက်ထဲမှာ မိန်းကလေးတစ်ဦးတစ်ယောက် ပျောက်သွားတယ်ဆိုတာနဲ့ အလုပ်ကိစ္စနဲ့သွားတာလား မိသားစုကိစ္စတစ်ခုကြောင့် အိမ်မှာ မရှိတာလား ဆိုပြီး မစဉ်းစားဘဲ  လင်နောက်လိုက်ပြေးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချသူတွေလည်း ရှိတတ်ပါတယ်။

မိန်းကလေးတစ်ယောက် ပိန်လာပြီး ဆေးခန်းခဏခဏ သွားပြီဆိုတာနဲ့ ကိုယ်ဝန်ဖျက်ချတာ နေမှာပါဆိုပြီး အတင်းပြောကြတာလည်း မနည်းမနောပါပဲ။

ယောက်ျားလေးသူငယ်ချင်းတွေ ရှိတယ်ဆိုရင်လည်း အပေါစား၊ တန်ဖိုးမရှိ၊ မကောင်းတဲ့ မိန်းမဆိုပြီး အပြောခံရတတ်ပါသေးတယ်။

မိန်းကလေးတွေ စုပြီးငှားနေတဲ့အိမ်ကို ယောက်ျားလေးသူငယ်ချင်းတွေ လာလည်လိုက်မိလို့ကတော့  မကောင်းတာလုပ်စားတဲ့အိမ်ဆိုပြီး ရပ်ကွက်ထဲ နာမည်ကြီးခံရဖွယ် ရှိပါတယ်။

အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အခုလည်း အမတ်လောင်းအမျိုးသမီးတွေကို ပြိုင်ဘက်အမျိုးသားအမတ်လောင်းတွေကရော ပတ်ဝန်းကျင်ကပါ အမျိုးမျိုး တိုက်ခိုက် ပြောဆိုနေကြတယ်ဆိုတာကို ကြားသိရပါတယ်။

အဲလိုမကောင်းပြောဆိုတဲ့အတွက် လူ႔ပတ်ဝန်းကျင်မှာ ဘယ်လောက်ထိ ဂုဏ်သိက္ခာ ထိခိုက်သွားလဲဆိုတာကို သူတို့ နားမလည်ပါဘူး။ သူတို့နားလည်တာက တိုက်ခိုက်မယ်၊ အပြစ်တင်မယ်၊ ဝေဖန်ပြောဆိုမယ် ဒီလောက်ပဲ။

လူအများအပြားက အမျိုးသမီးတွေကို ခေါင်းဆောင်နေရာ မပေးချင်ကြသလို  အမျိုးသမီးဆိုရင် ဘာမှ သုံးမရတဲ့ အရာတစ်ခုလိုကို သတ်မှတ်ထားကြတာပါ။

မိန်းမတစ်ယောက်နဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိ တကယ်ရှိတယ်ဆိုရင် ဘာမှ အတင်းအဖျင်း ပြောနေစရာမလိုပါဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ရဲရမှာပေါ့။

အမျိုးသမီးဆိုတာဟာလည်း လူသားဖြစ်တဲ့အတွက် အမျိုးသားတွေနဲ့တန်းတူ ရင်ပေါင်တန်းပြီး အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာကို လက်တွဲကြိုဆိုရမယ့်အစား   ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။

အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတွေထက် အရည်အချင်းရှိတယ်လို့ သတ်မှတ်ရင် ပြိုင်ဘက်တွေထဲက အမျိုးသမီးတွေကို အဆင့်အတန်းရှိရှိ ယှဉ်ပြိုင်သင့်၊ ပြောဆိုသင့်တယ်လို့ မိန်းမသားတစ်ယောက်အနေနဲ့ ထင်မြင်မိပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသမီးတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးမှာပါဝင်မှုတို့နဲ့ ပတ်သက်လာရင် အခြေအနေက အဆိုးကြီး မဟုတ်ဘဲ တချို့နိုင်ငံတွေထက်တောင် ရှေ့ရောက်ဖူးတဲ့ သာဓကရှိပါတယ်။  အင်္ဂလိပ်လက်ထက် ၁၉၂၇ မှာ အမျိုးသမီးတွေ မဲပေးခွင့် စရခဲ့ပါတယ်။ အဲဒီအချိန် ကမ္ဘာ့နိုင်ငံကြီး အတော်များများမှာ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ ရုန်းကန်နေရဆဲပါ။ အရှေ့တောင်အာရှမှာ မြန်မာဟာ  အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ အစောဆုံးနိုင်ငံထဲ ပါဝင်ပါတယ်။ ၁၉၃၆ ခုနှစ် ဒိုင်အာခီစနစ်အရ ပေါ်လာတဲ့ ပထမဆုံးသော ဥပဒေပြုလွှတ်တော်မှာ မော်လမြိုင်က ဒေါ်နှင်းမြဟာ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီနောက် ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလိုအစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ကမ္ဘာမှာ လက်မထောင်နိုင်အောင် ဆက်လက် ကြိုးပမ်းရမှာပါ။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ပတ်သက်လာတာကို လူ့အဖွဲ့အစည်းက လက်တွဲကြိုသင့်တယ်လို့ မြင်ပါတယ်။ ယောက်ျားများသာမက အမျိုးသမီးတွေကိုယ်၌ကလည်း ခေါင်းဆောင်မှုပိုင်းမှာ ပါဝင်လာမယ့် အမျိုးသမီးတွေကို အားပေးချီးမြှောက်သင့်ပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက အရည်အချင်း မပြည့်မီဘူး၊ မူဝါဒပိုင်း မှားနေတယ်ဆိုရင် ဝေဖန်ပါ။ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာသာ တိုက်ခိုက်ပြောဆိုတာ ဆိုရင်တော့  လူကျင့်ဝတ်ကို ချိုးဖောက်တယ်လို့ကို ယူဆပါတယ်။   ။

Show More

Related Articles

Back to top button