သတင်း

တပ်က မင်းထင်ကိုကိုကြီးကို နှစ်နေရာတွင် အမှုဖွင့် တိုင်ကြား

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Facebook ရေးသားချက်တချို့နှင့် ပတ်သက်ပြီး တပ်မတော်က  ရဲစခန်းတွင် တိုင်ကြားထားသည့် အပြင် ရန်ကုန်၊ အင်းစိန်မြို့နယ် တရားရုံးတွင်လည်း ဦးတိုက် လျှောက်ထားသည်ဟု ရဲစခန်းထံမှ သိရကြောင်း ကာယကံရှင်က ယနေ့ ပြောသည်။

ရဲစခန်းက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး တရားရုံးတွင် ရင်ဆိုင်ရမည်မှာ ပုဒ်မ ၅ဝ၅ (က) ဖြစ်သည်ဟု မင်းထင်ကိုကိုကြီးက ပြောသည်။

တရားရုံးသို့ သွားရမည့်နေ့မှာ ဧပြီ ၁၂ ရက်နေ့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အာမခံ မရနိုင်သော၊ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က) သည်  ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန် ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန်အကြံနှင့် ပတ်သက်ပြီး ရေးသားဖြန့်ချိမှုဖြစ်သည်။

ပုဒ်မ ၆၆(ဃ) သည်လည်း ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည်။

၎င်း၏ Facebook “Ko Ko Gyi” တွင် ဖေဖော်ဝါရီ ၁၅ မှ မတ် ၂၂ အတွင်း  ရေးသားမှုများသည် တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

မင်းထင်ကိုကိုကြီးက တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

တပ်မတော်သည် ယခင်ကလည်း The Voice သတင်းစာမှ သရော်စာတစ်ပုဒ်နှင့် ပတ်သက်ပြီး ကလောင်ရှင်နှင့် အယ်ဒီတာချုပ်တို့ကို  ရဲစခန်း၊ တရားရုံးတို့တွင် သွားရောက် တိုင်ကြား အမှုဖွင့်ခဲ့ဖူးသည်။ ၂၀၁၇ မေလတွင် အစပြုသော ထိုအမှုကို ၄ လ အကြာတွင် တပ်မတော်က ရုပ်သိမ်းခဲ့သည်။

Show More

Related Articles

Back to top button