ထန်းပင်တစ်ပင် အရွယ်ရောက်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်သည်။ သို့သော်လည်း အညာဒေသတွင် ပေါ်ပေါက်နေသော ထန်းပင် အရေအတွက် အများအပြားကို ရောင်းချရန်အတွက် စက်လွှဖြင့် တိုက်ဖြတ် ခုတ်လှဲခြင်းအတွက်မူ နာရီ အနည်းငယ်သာ လိုအပ်မည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းမှုပုံစံ အပြောင်းအလဲ၊ နေရပ်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ ဈေးကွက်လိုအပ်ချက်တို့သည် ထန်းပင်အို ထန်းပင်ပျို များစွာကို ခုတ်လှဲရောင်းချနေကြခြင်း၏ အကြောင်းရင်းတချို့ ဖြစ်လာသည်။
မကြာသေးမီက အညာဒေသသို့ သွားရောက်လေ့လာသူ ရန်ကုန်သား သတင်းထောက် ဖြိုးသီဟချိုက ထန်းလုပ်ငန်းခွင် မြင်ကွင်းတချို့ကို မှတ်တမ်းတင်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့ ထန်းတောတစ်ခုမှ ခုတ်ယူခဲ့သော ထန်းလုံးများမှာ ဧရာဝတီမြစ် ရေလမ်းကြောင်း ကောင်းမွန်ရေး စီမံကိန်းတစ်ခုအတွက် ဖြစ်သည်။
ထန်းလုံး သီးသန့် ခွဲစိတ်သည့် သစ်စက်တွင် ထန်းခွဲသား သယ်ယူပို့ဆောင်ရန် ပြင်ဆင်နေသော ကျောက်ပန်းတောင်းမြို့မှ အလုပ်သမားများ။
ထန်းတောတွင် မြူအိုးကောက်နေသော ကလေးငယ်။ ကျေးလက်လူငယ် အများစုသည် ထန်းလုပ်ငန်းအစား အခြားလုပ်ငန်းများကို ရွေးချယ်လာကြသည်ဟု ကျောက်ပန်းတောင်းမြို့နယ်၊ တံခါးကြီးကျေးရွာမှ ဦးသန်းစိုးက ဆိုသည်။ “အခု ကလေးတွေက ဒီထန်းတက်တဲ့ အလုပ်ကို မသင်ကြတော့ဘူး။ နောက်ဆယ်နှစ်အတွင်းမှာ ထန်းသမားတွေ ပျောက်သွားလိမ့်မယ်”ဟု ထန်းပင်တက် သက်တမ်း ၂၅နှစ်ကျော်ပြီ ဖြစ်သည့် ဦးသန်းစိုးက ခန့်မှန်းသည်။
ထန်းပင်ပေါ်မှ ဆင်းလာသည့် အညာဒေသ ထန်းတက်သမားတစ်ဦး။ ထန်းလုပ်ငန်းခွင်အကြောင်း ရေးဖွဲ့ထားသည့် ရှေးကဗျာတစ်ပုဒ်တွင် ထန်းတက်သမားဇနီးက ထန်းရည်သိမ်းဆည်းပြီးနောက် မိသားစုဝင်များ ခွေးနှင့်အတူ အမဲလိုက်ကြောင်း၊ ရလာသည့် တောကောင်တို့ကို ထန်းလျက်ဖိုတွင်ကင်ကြောင်း၊ ယင်းနောက် “ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့်လှော် ရေနှင့်ကြော်” ရာမှ ထွက်ပေါ်လာသည့် အစပ်ကဲဟင်းလျာကို “ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်၊ ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်” ဟု ခပ်သောသော ရေးဖွဲ့ထားသည်။ ကဗျာအဖွဲ့အနွဲ့အရဆိုလျှင် ရှေးခေတ် ထန်းတက်သမားတို့ ချို့တဲ့ကြဟန်တူသည်။ ခေတ်ပြောင်းလာသော်လည်း ထန်းတက်သမားတို့၏ ဓနအင်အားက ပြောင်းလဲမှု မရှိသေးဟု ဆိုနိုင်သည်။
ထန်းလျက်ဖိုတွင် တွေ့ရသော အမျိုးသမီးတစ်ဦး။ ထန်းရည်ဖြင့် ချက်လုပ်သော ထန်းလျက်သည် မူလအရောင်က အညိုရောင်ဖြစ်သည်။ ဈေးကွက်တောင်းဆိုချက်အရ အဖြူရောင်သို့ ပြောင်းလဲစေရန် အရောင်ချွတ်ဆေးသုံးသည့် ထန်းလျက်ဖိုများလည်း ရှိသည်။
ထန်းလျက်ချက်ရာတွင် အုန်း၊ ချင်း (ဂျင်း)၊ သံပရာ၊ မန်ကျည်း၊ ဆီး (ဇီး)၊ ဒိန်ချဉ် တစ်မျိုးမျိုး ထည့်ခြင်းဖြင့် ရိုးရာအစားအစာကို တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုး ပြုလုပ်ပြီး ဈေးကွက်ပို့နေသည့် လုပ်ငန်းတချို့လည်း ပေါ်ပေါက်နေသည်။
ထန်းလက်၊ ထန်းရွက်ဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ဈေးကွက်ကောင်းတစ်ခု ဖန်တီးနိုင်ပါက တောင်သူတို့ဘဝ ပိုမိုတိုးတက်မည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။ ခိုင်မာသော ဈေးကွက် တည်ဆောက်နိုင်လျှင် ထန်းတော အပြောင်ရှင်းမည့် အခြေအနေကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်နေကြသည်။
အညာဒေသမှ ထန်းတက်သမား တစ်ဦး ထန်းရည်အိုး ခါးချိတ်ကာ ထန်းပင်ပေါ်မှ ဆင်းလာပုံ။ ထန်းပင်အများအပြား ခုတ်လဲှမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည်ဟု ဝိုင်းဝန်း ပြောဆိုကြသူ များပြားသော်လည်း ဒေသတွင်း ကျောက်မိုင်းများကဲ့သို့သော သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်စေသော လုပ်ငန်းတို့နှင့် ပတ်သက်ပြီး ထောက်ပြဝေဖန်သူ နည်းပါးနေသည်ဟု တချို့က ဆိုသည်။
မြူအိုးများ သယ်ဆောင်သွားသူတစ်ဦး။ ထန်းပင် ရာထောင်ချီ ခုတ်ယူမှု ဖြစ်ပွားနေသော်လည်း ထန်းပင်၊ ထန်းတောတို့ ပြုန်းတီးသွားမည့် အခြေအနေ ရှိမည်မဟုတ်ဟု ထန်းပင် အဝယ်တော်တစ်ဦးဖြစ်သည့် ကိုကျော်ဇင်လတ်က ပြောသည်။ “ထန်းပင်ပြုန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က အပင်ပျိုဆို သုံးလို့မရလို့ မဝယ်ဘူး။ အပင်အိုတွေ၊ မြင့်တဲ့ အပင်တွေကိုပဲ ရွေးဝယ်တာပါ”ဟု ၎င်းက ဆိုသည်။
နွားစာခွက်အတွက် ထန်းလုံးကို ထွင်းနေကြသူများ။
ကျောက်ပန်းတောင်းမြို့၊ ရွာတန်းရှည်ရွာတွင် ထန်းပင်များ ခုတ်လှဲထားမှု မြင်ကွင်းတစ်ခု။ ထန်းသီးတစ်လုံး ကြွေကျလျှင် ထန်းပင် သုံးပင် ပေါက်နိုင်သည်ဟု ဆိုသည်။ ပုံတွင် မြင်ရသည့် ယာခင်းထဲမှ ထန်းပင်ပေါက်များစွာကို အမြစ်မှတူးထုတ်ပြီး ဖယ်ရှားပါမှ စိုက်ပျိုးရေးလုပ်ငန်း ပိုမို အဆင်ပြေမည်ဟု ဒေသခံတို့က ပြောကြသည်။
ထန်းလက်ဖြင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်နေသည့် မြင်ကွင်းတစ်ခု။ ဖျာ၊ ထန်းခေါက်ဖာ၊ ကုလားထိုင်၊ ကလေးကစားစရာ အရုပ်မျိုးစုံ၊ အလှဆင်ပစ္စည်းတို့ကို ထန်းပင် ဘေးထွက်ပစ္စည်းမှ ရရှိ ထုတ်လုပ်နိုင်သဖြင့် ထန်းပင်ကို ပဒေသာပင်ဟုလည်း တချို့က တင်စားကြသည်။
ဧရာဝတီမြစ်ဘေး အထင်ကရ ပုဂံဘုရားတစ်ဆူဖြစ်သော လောကနန္ဒာ ဘုရား အနီး တည်ဆောက်နေသော ရေကာ။ ကမ်းပါးပြိုမှုကို ဟန့်တားနိုင်ရန် ရည်ရွယ်သော ရေကာ တည်ဆောက်ရေးတွင် ထန်းလုံး အများအပြား အသုံးပြုထားသည်။ မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေး အစီအစဉ်အတွက် ထန်းလုံးတိုင်များကြား သဲအိတ်၊ ကျောက်တုံးတို့ ထည့်သွင်း တည်ဆောက်မည်ဟု သိရသည်။
ဓာတ်ပုံများ – ဖြိုးသီဟချို / Myanmar Now