ရန်ကုန် – မြန်မာနိုင်ငံတွင် ၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခုကို နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသည်။
ရွေးကောက်ပွဲအပြီး Myanmar Now က ရန်ကုန်မြို့တွင် နေထိုင်သော မဲဆန္ဒရှင်ပြည်သူတချို့ကို တွေ့ဆုံမေးမြန်းရာ အများစု NLD, အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှတစ်ပါး အခြားပါတီများကို မသိကြပေ။ သူတို့အများစုကလည်း NLD ကိုသာ မဲပေးခဲ့ကြသည်ဟု ဆိုသည်။
အခုအခါ ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးဖြစ်သောကြောင့် Myanmar Now က ရန်ကုန်မြို့ မဲဆန္ဒရှင်တချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲ၊ NLD အနိုင်ရမှုနှင့် ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ချက်များကို မေးမြန်းခဲ့သည်။
မအိဖြိုးခိုင်၊ အသက် ၂၃ (ပုံနှိပ်လုပ်ငန်း နှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူ၊ ရန်ကုန်၊ ကျောက်တံတားမြို့နယ်)
“အပြောင်းအလဲဖြစ်မလား ဆိုပြီးတော့ မဲထည့်ခဲ့ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ အပြောင်းအလဲလေးတစ်ခု ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံကြီး တစ်မျိုးပြောင်းလဲသွားရင်လည်း မဆိုးဘူးပေါ့လေ။ အဲဒီအပေါ်မှာ မူတည်ပြီး ထည့်တာပါ။ နိုင်ငံသားအခွင့်အရေးတွေ ရဖို့ကတော့ မပြောတတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲဆိုတာကို ကြည့်ရအုံးမှာလေ။ အားလုံးကို ပြန်ပြုပြင်ဖို့ ဆိုတာတော့ မလွယ်ဘူး။ သူတို့ကတော့ တတ်နိုင်သလောက် ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ်။
စီးပွားရေးကိစ္စကတော့ နိုင်ငံခြားအဆက်အသွယ် ရမယ်ဆိုရင်တော့ မဆိုးဘူးပေါ့နော်။ ပုံနှိပ်စက်အကြီးတွေ သွင်းလာနိုင်လိမ့်မယ်။ ခုကတော့ တရုတ်ကစက်တွေ များတယ်။
နောက်တစ်ခုက နိုင်ငံသားမှတ်ပုံတင်ပေါ့။ ၁ဝနှစ်ပြည့်မှတ်ပုံတင် ရနေပြီ။ ၁၈နှစ်ပြည့်ကို ပြောင်းဖို့ လျှောက်နေတာ ပြောင်းလို့မရသေးဘူး။ ဒီမှတ်ပုံတင်ကိစ္စတွေလည်း ပြောင်းလဲသွားလိမ့်မယ်၊ လုပ်ရကိုင်ရ လွယ်ကူလာလိမ့်မယ်လို့ ထင်ပါတယ်”
ရုံးဝန်ထမ်း အမျိုးသားတစ်ဦး၊ အသက် ၅၃ (စမ်းချောင်းမြို့နယ်)
“ပြည်သူလူထုအများစုက ဝမ်းသာတဲ့အတွက် ဦးလည်း ဝမ်းသာပါတယ်။ သူ့ပါတီလုပ်ဆောင်ချက်ကို မသိရသေးတဲ့အတွက် တစ်ခုခုပြောဖို့က စောသေးပါတယ်”
ဦးလှသန်း၊ အသက် ၅၃ (ကျောက်တံတားမြို့နယ်)
“ဒေါ်စုပဲ အနိုင်ရရ၊ ဘယ်သူပဲအနိုင်ရရ တိုင်းသူပြည်သားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် အကောင်းဆုံးလို့ မြင်ပါတယ်။ ကျွန်တော်နိုင်မယ်လို့ထင်တဲ့ NLD ပါတီပဲ အနိုင်ရခဲ့တာပါ။ အခုအခြေအနေနဲ့က သူ့အနေနဲ့ ဘာမှ လုပ်လို့မရသေးတာ၊ အဲပါတီက ပြည်သူလူထုဘဝ ပြောင်းလဲအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ တကယ်ကို ဝမ်းသာစရာပါပဲ”
ကိုအောင်နိုင်၊ အသက် ၂၈ (ရေစုပ်စက်ပြုပြင်သူ)
“ဘာမှတော့ မမျှော်လင့်ပါဘူး။ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်လိုက်တာပါ။ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကတော့ ခုလည်းရနေပါတယ်၊ ကျွန်တော့်အတွက်တော့ ဒီအတိုင်းပါပဲ၊ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အရ မဲထည့်ခဲ့တယ်။ ကျွန်တော် မတွေးတက်တာ၊ နားမလည်တာလည်းဖြစ်ပါမယ်၊ ကျွန်တော် သိတာတော့ တစ်ရက်တစ်ရက်မှာ ဒီစက်ပစ္စည်းတွေ ပြင်မယ်၊ ပြင်ပြီးရင် အိမ်ပြန်ရမယ်၊ ဒါလောက်ပဲ သိပါတယ်။ လောလောဆယ်က နေ့စားအလုပ်သမားဘဝပါ။ လုပ်ခလစာတွေ တက်လာဖို့ကတော့ ဖြစ်ရင်လည်းဖြစ်လာမှာပေါ့၊ မဖြစ်သေးတော့ ကြိုပြောဖို့ ခက်ပါတယ်။ အရင် ဦးသိန်းစိန်အစိုးရတုန်းကလည်း ကျန်တဲ့လူတွေအတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ နေရတာ အဆင်ပြေပါတယ်။ နောက်လူကလည်း အဲဒီလိုအဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော် ကြိုက်မှာပါ”
ဦးဉာဏ်မင်း၊ အသက် ၅၂ (လမ်းဘေးဈေးသည်၊ ပုဇွန်တောင်မြို့နယ်)
“ဒေါ်စု အနိုင်ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ခေါင်းဆောင်ရဲ့သမီး အနိုင်ရရှိတာကို လိုချင်လို့ ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီကို မဲပေးခဲ့တာပါ။ အသက်လည်း ကြီးပြီဆိုတော့လေ … အပြောင်းအလဲ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုယ် မီပါ့မလားတောင် မသိဘူး”