သတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘေးဖယ်ခံရသော ပါတီငယ်များ

ရန်ကုန် – အင်အားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဖြစ်စေ၊ အနိုင်မရခဲ့သည်ဖြစ်စေ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ပါတီ အားလုံး ပါဝင်ခွင့်ရမည့်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဌာန (MPC) နှင့် အစိုးရ၏ ငြိမ်းချမ်းဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းသည် သူတို့ ကြိုတင်ချမှတ်ပြီးသား ဆုံးဖြတ်ချက်ကို အတင်းအဓမ္မ သဘောတူခိုင်းခဲ့သည်ဟု နိုင်ငံရေးပါတီများက ဆိုကြသည်။

လူမှုအဖွဲ့အစည်းများက MPC ၏ နောက်ကွယ်မှ စေ့ဆော်မှုတို့ကို စိုးရိမ်နေကြပြီးဖြစ်သည်။ ယခု ဖြစ်ရပ်ကြောင့် နိုင်ငံရေးပါတီ ၉၁ ခုအနက် ၂၁ ခုကသာ လွှတ်တော်သစ်ကို ကိုယ်စားပြု ထွက်ပေါ်လာမလားဆိုပြီး စိုးရိမ်စရာ အခြေအနေသစ် ပေါ်ပေါက်နေသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး Myanmar Now သတင်းဌာနက နိုင်ငံရေးဆွေးနွေးပွဲအကြိုအစည်းအဝေး တက်ရောက်ခဲ့သူ နိုင်ငံရေးပါတီကိုယ်စားလှယ်များထဲမှ ၆ ဦးနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

မိသန်းရှင် (အမျိုးသမီးပါတီမွန်)

ကျွန်မတို့ စိတ်မကောင်းဖြစ်ရပါတယ်။ ရှိတာမှ နိုင်ငံရေးပါတီတွေအတွက်က ၁၆ နေရာ ရှိတာ။ သူတို့က ၉ နေရာ ယူလိုက်တော့ ၇ နေရာပဲ ရွေးရတယ်။ အဲဒီတော့ ကျွန်မတို့ တိုင်းရင်းသားတွေက ၄ နေရာပဲ ရတော့တယ်။ အဲဒီအတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့်လည်း ကြားကာလဖြစ်နေတဲ့ အချိန်ဆိုတော့ ကျွန်မတို့ စိတ်ရှည်ရှည်ထားပြီးတော့ ဖြတ်သန်းရဦးမှာပါ။

ဦးနေမျိုး (အထွေထွေအတွင်းရေးမှူး၊ ဓနုအမျိုးသားများအဖွဲ့ချုပ်)

လက်ခံမှရတော့မယ့် အခြေအနေမျိုး ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ပါတီကလည်း အင်အားကြီးပါတီတစ်ခု မဟုတ်ဘူးလေ။ တကယ်ဆိုရင် တိုင်းရင်းသားပါတီတွေအားလုံးပါဝင်တဲ့ အစုအဖွဲ့ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ ဒါက ကိုယ့်ဘက်ကလိုချင်တဲ့ ဆန္ဒပဲလေ။ အင်အားကြီးပါတီတွေကတောင် လိုက်လျောသေးတာပဲလေ။ ၉ ယောက်ကို သူတို့က ရွေးချယ်လိုက်တဲ့အတွက် နစ်နာချက်ရှိ မရှိဆိုတာကတော့ လုပ်ငန်းဖော်ဆောင်တဲ့အချိန်မှာပဲ ဆုံးဖြတ်ရမှာပါ။ လောလောဆယ်တော့ အဖွဲ့အစည်းဖွဲ့တဲ့အဆင့်ပဲ ရှိသေးတယ်။

ဦးကန်လမ်ခွပ် (ဗဟိုကော်မတီဝင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)

သူတို့ပြောတာရှင်းရှင်းလေးပဲ … ဦးအောင်မင်းက အဆိုတင်သွင်းတယ်။ ဦးလှမောင်ရွှေက အချိန်မရှိတဲ့အတွက်ကြောင့် ခင်ဗျားတို့က ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ၊ မေတ္တာရပ်ခံပါတယ်။ ဒါကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားတို့ ဒီထဲမှာ မပါဝင်ချင်တဲ့လူတွေကလည်း မပါဝင်ပါနဲ့။ ဒီလိုဆိုတော့ ကျွန်တော်တို့ဘက်က ပြောစရာစကားက မရှိတော့ဘူးလေ။ စကားကကုန်နေပြီ။ သွားပြောလည်း အလကားပဲ ဖြစ်နေတယ်လေ။ ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တချို့လည်း ထပြန်ကုန်တာ ရှိတာပဲလေ။ သူတို့မှာက ဘောင်ခတ်ပြီးသားတစ်ခုကို ဒီဆွေးနွေးပွဲမှာ လာပြီးချပြတဲ့သဘောပဲရှိတယ်။

ဦးငွေလင်း (အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

၁၆ နေရာ ဘယ်လိုရွေးမလဲဆိုတာ ကြည့်ကြတဲ့အခါမှာ ထောက်ထားရမယ့်ကိစ္စက တန်းတူရေးရှိဖို့လိုတယ်၊ လူထုဆန္ဒနဲ့ မဲအများဆုံးနိုင်ပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီကြီးဆိုတာ ရှိနေတယ်၊ နောက်တစ်ချက်ကတော့ ပါဝင်မယ့်ခေါင်းဆောင်များ အရည်အချင်းကတော့ ကိုယ်စီရှိကြတယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စမှာ ဘယ်သူပိုပြီး အချိန်ပေးပြီး လုပ်နိုင်မလဲဆိုတဲ့ စံနှုန်း၃ခုနဲ့ ကြည့်သင့်တယ်လို့ ထင်တယ်။ အဲဒီစံ ၃ခုအရပဲ ရွေးချယ်ပုံက အဲဒီလိုဖြစ်သွားတယ်လို့ ယူဆမိပါတယ်။ (ရွေးကောက်ပွဲမှာ) ပြည်ခိုင်ဖြိုးက နိုင်ငံရေးထဲမှာ သြဇာကျန်နေနိုင်သေးတယ်။ တပ်အပေါ်မှာပဲဖြစ်ဖြစ်ပေါ့။ သူ့ကို ဘေးဖယ်ပစ်လိုက်တာထက်တော့ ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ သူပါမှ ရမယ်၊ သူမပါလို့ မရဘူး။ သူ့အတွက်တော့ နေရာပေးပါဆိုတာကတော့ ဒီမိုကရေစီနည်းလမ်းလည်း မကျဘူး။ တောင်းလည်းမတောင်းကောင်းဘူးလို့ ထင်ပါတယ်။ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ မပါရင်မသင့်လျော်ဘူး။ ပါကိုပါသင့်တယ်လို့ ဦးစားပေးပါတီတွေ၊ တပ်ပေါင်းစုတွေ ရှိနိုင်တယ်။ ပါတီကြီးတာ သေးတာထက် တစ်ပါတီချင်းရဲ့ ဂုဏ်သိက္ခာ တန်းတူရှိကြတယ်ဆိုတာကိုတော့ မငြင်းပါဘူး။ ဒါပေမယ့်လည်း ဦးစားပေးရမယ့်ပါတီတွေ ရှိတယ်ဆိုတာကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဒေါ်ညီမာထွန်း (အထွေထွေအတွင်းရေးမှူး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)

ပထမပြောတာကတော့ ပါတီပေါင်းစုံကနေ ၁၆ယောက်ရွေးမယ်ပေါ့လေ။ ဒီလိုပဲနားလည်တာပေါ့။ ၉ ယောက် ရွေးချယ်ပြီးသားဆိုရင် ကျွန်မတို့ကို ၇ယောက်ပဲ ရွေးချယ်ခွင့်ရှိတော့မယ်ဆိုတာကို ၁၂ရက်နေ့ကတည်းက ပြောထားသင့်တာပေါ့။ ဒီနေ့မှ ကျွန်တော်တို့က ဒီဟာလေးဆိုရင် မကာင်းဘူးလား ဆိုပြီးတော့ အကြံဉာဏ်ပေးတဲ့ ပုံစံမျိုးနဲ့ သူတို့ယူထားပြီးသားကိစ္စကို မကောင်းဘူးလားဆိုတာ မေးစရာမလိုဘူးလေ။ ဒါ ကောင်းကိုမကောင်းတာ။
ကျွန်မတို့ အဲဒီနေ့က ၈၇ ပါတီ တက်တယ်။ ဦးအောင်မင်းတို့နဲ့ဆွေးနွေးတဲ့အခါမှာ အဲဒီ ၈၇ ပါတီလုံးက ဦးအောင်မင်းတို့ကို အယုံအကြည် မရှိကြဘူး။ အဲဒီလိုယုံကြည်မှုမရှိတဲ့အတွက် အဲဒီအထဲမှာ စကားတွေအမျိုးမျိုး ပြောပြီးတော့ တစ်ယောက်တစ်မျိုး ဆွေးနွေးနေကြရတယ်။ နိုင်ငံရေးပါတီတွေနဲ့တောင်မှ ငြိမ်းချမ်းရေးရအောင် မဆွေးနွေးနိုင်ဘဲနဲ့ သူတို့က သူတို့အလိုလောဘတွေနဲ့ ၉ ယောက်ကို အရင်ရွေးထားပြီးသားလုပ်တယ်။ သူတို့ရတဲ့အခွင့်အရေး အဆီအနှစ် ဘယ်လောက်ရမယ် ဆိုပြီး ဆွဲယူဖို့လုပ်ထားတာ။ ကျွန်မတို့ အဲဒီလိုပဲမြင်တယ်။ နိုင်ငံတကာကရမယ်လေ Peace Centre လုပ်တဲ့အတွက် ဒေါ်လာတွေ အများကြီးရမယ်လေ။

နန်းစန္ဒာစု (ဗဟိုကော်မတီဝင်၊ ကရင်ဒီမိုကရက်တစ်ပါတီ)

တိုင်းရင်းသားတွေရဲ့ဆန္ဒကို ဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်းသားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ပုံစံမျိုးပဲပြန်ဖြစ်သွားတယ်။ ၉ နေရာဆိုတာလည်း ကိစ္စမရှိဘူး။ ၇ နေရာကျန်သေးတယ်။ ဒီ ၇ နေရာကို လွတ်လွတ်လပ်လပ်တိုင်းရင်းသားတွေကို ရွေးချယ် ခွင့်ပေးလိုက်ပေါ့။ အဲလိုမျိုးမဟုတ်ဘဲနဲ့ သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ၂ နေရာတော့ ဘယ်ပါတီမှ မယူသင့်ဘူး။ မဖြစ်သင့်ဘူးဆိုပေမယ့်လည်းဖြစ်သွားပြီလေ။ ကိုယ်ဖြစ်ချင်တာဘာမှ ပြောပိုင် ခွင့်မှမရှိတော့တာလေ။ တိုင်းရင်းသားတွေအတွက် အခွင့်အရေး အများကြီးဆုံးရူံးသွားတော့ပေါ့လေ။ ပါတီကြီး ၂ခုက တစ်ယောက် ၁ နေရာသာဖယ်ပေးခဲ့မယ်ဆိုရင်တိုင်းရင်းသား ၂ ယောက်သာတက်ခဲ့မယ်ဆိုရင် အကြံဉာဏ်ကောင်းတွေ အများကြီး ထွက်လာနိုင်တာပေါ့။ ဒီနေ့ဖြစ်ရပ်ပေါ် ကျွန်မ ဘယ်လိုထင်သလဲဆိုတော့ တိုင်းရင်းသားပါတီတော်တော်များများကထပြန်ကုန်ကြတာ အဖြေပဲလေ။

Show More

Related Articles

Back to top button